ဂျပန်မှာ လူမှုရေး၊ စီးပွားရေး ပြန်လည် လှုပ်ရှား ခွင့်ပြု ဖို့ရှိ

May 26, 2020 at 7:05 PM

နိုင်ငံအဝန်း အရေးပေါ် အခြေအနေ ကြေညာချက် ရုပ်သိမ်းခဲ့တဲ့နောက်မှာ လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆင့်လိုက် ပြန်လည် လုပ်ကိုင် ခွင့်ပြုသွား ဖို့ ဂျပန်က စီစဉ်နေပါတယ်။

ဂျပန်က ခရိုင် ၄၇ ခုထဲက နောက်ဆုံးကျန်တဲ့ ခရိုင် ၅ ခုမှာ အရေးပေါ် အခြေအနေ ကြေညာချက်ကို ရုပ်သိမ်းကြောင်း ဝန်ကြီးချုပ် Shinzo Abe က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ နောက်ဆုံး ၅ခရိုင် ကတော့ တိုကျိုနဲ့ အနီးပတ်ဝန်းကျင်က ခရိုင် ၃ခုအပြင် နိုင်ငံ မြောက်ဘက်စွန်းကျွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးခရိုင် တို့ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် လွှမ်းမိုးတဲ့ ခေတ်မှာ ဂျပန်နိုင်ငံရဲ့ လူနေမှု ပုံစံသစ်ကို ဖန်တီးထူထောင်သွားမယ်လို့ မစ္စတာ အာဘဲ က ပြောပါတယ်။
အရေးပေါ်ကြေညာချက်ကို ရုပ်သိမ်းပြီးနောက်မှာလည်း ကူးစက်မှုဖြစ်နိုင်တဲ့ အန္တရာယ်ကို သုညဖြစ်သွားအောင် လျှော့ချနိုင်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့ပါတယ်။
အစိုးရဟာ နိုင်ငံရဲ့ ဒေသတစ်ခုချင်းမှာ ကူးစက်မှု အတိုင်းအတာနဲ့ ရောဂါပျံ့နှံ့မှု အန္တရာယ်ဖြစ်နိုင်ခြေတွေကို အကဲဖြတ်ရင်း ခန့်မှန်းခြေအားဖြင့် သီတင်း ၃ပတ်ခြားပြီး ကန့်သတ်တားမြစ်ချက်တွေကို ဖြေလျှော့သွားဖို့ စီစဉ်ထားပါတယ်။
ဂီတဖျော်ဖြေပွဲတွေနဲ့ ပြပွဲတွေကို တက်ရောက်သူ အရေအတွက် ကန့်သတ်သတ်မှတ်ပြီး ကျင်းပခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဒီကန့်သတ်ချက်ကို အဆင့်လိုက် ဖြေလျှော့သွားမယ်လို့ အစိုးရက ဆိုပါတယ်။
ဘေ့စ်ဘော နဲ့ J-League ဘောလုံးတွေ အပါအဝင် ကြေးစားအားကစားပွဲတွေကို အရင်ဆုံး ပွဲကြည့် ပရိသတ်မရှိတဲ့ အားကစားရုံမှာ ဇွန်လ ၁၉ ရက်နေ့က စတင် ကျင်းပ နိုင်ပါတယ်။ ပွဲကြည့်နိုင်မယ့် ပရိသတ် အရေအတွက်ကို လည်း တဖြည်းဖြည်း တိုးသွားမှာ ဖြစ်ပါတယ်။
ဘယ်လို ပမာဏရှိတဲ့ အားကစားပွဲမျိုးကို မဆို ဩဂုတ်လ ၁ ရက်နေ့က စပြီး ကျင်းပ ခွင့်ပြုသွားဖို့လည်း ဂျပန်အစိုးရက စီစဉ်နေပါတယ်။
SOURCE – NHK