မေလအတွင်း သိသိသာသာ ကျဆင်းခဲ့တဲ့ ဂျပန်ကုန်သွယ်ရေး

June 18, 2020 at 1:42 PM

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့အကြား ကမ္ဘာ့စီးပွားရေးလှုပ်ရှားမှုတွေဟာ ဆက်လက် ထိုင်းမှိုင်းနေတဲ့ အတွက် ဂျပန်နိုင်ငံရဲ့ ပို့ကုန်တွေဟာ မေလထဲမှာ ထိုးကျသွားခဲ့ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန်လ ၁၇ ရက်နေ့ကထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ မေလထဲမှာ ဂျပန်နိုင်ငံရဲ့ ပို့ကုန်တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၃၉.၁ ဘီလီယံလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကထက် ၂၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ ငွေကြေးအကျပ်အတည်းဖြစ်ပြီးနောက် ၂၀၀၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှု ဖြစ်ပါတယ်။
အမေရိကန်ကို ပို့နေတဲ့ ပို့ကုန်တွေဟာ ၅၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မော်တော်ကားတွေနဲ့ ကားပစ္စည်း အစိတ်အပိုင်းတင်ပို့မှုမှာတော့ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။
ဥရောပသမဂ္ဂ (EU) ကို တင်ပို့မှုကတော့ ၃၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မော်တော်ကားတွေနဲ့ ကားပစ္စည်းအစိတ်အပိုင်း တင်ပို့မှုဟာ သိသိသာသာကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံကို တင်ပို့မှုမှာ ၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
မေလထဲမှာ ဂျပန်ကို ဝင်လာတဲ့ သွင်းကုန်တွေကတော့ အမေရိကန်ဒေါ်လာ ၄၆.၉ ဘီလီယံလောက်အထိ ဖြစ်လာပြီး ပြီးခဲ့တဲ့နှစ်ကထက် ၂၆.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှု ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဥရောပကနေ လေယာဉ်မှာ အသုံးပြုဖို့နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ တင်သွင်းမှုတွေမရှိလို့ သွင်းကုန် ကျဆင်းမှုကို သိသာစေခဲ့ပါတယ်။
ရလဒ်အနေနဲ့ မေလထဲမှာ ကုန်သွယ်ရေးစာရင်း လက်ကျန်ရှင်းတမ်းဟာ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံ လောက် လိုငွေပြနေပါတယ်။
SOURCE – Japan Times