ကုန်သွယ်ရေး သဘောတူညီချက်ဆိုင်ရာ အဓိကအချက်တွေကို ဂျပန်နဲ့ ဗြိတိန်တို့ သဘောတူ

August 8, 2020 at 8:08 PM

နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ရဲ့ အဓိက အချက်တွေအပေါ် ဂျပန်နဲ့ ဗြိတိန်တို့ သဘောတူခဲ့ကြပါတယ်။

ဒီလအကုန်မှာ ကျယ်ပြန့်တဲ့ သဘောတူညီချက် ရရှိရေးအတွက် နှစ်နိုင်ငံလုံးမှ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu နဲ့ ဗြိတိန်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးအတွင်းရေးမှူး Liz Truss တို့ဟာ ဆွေးနွေးပွဲရဲ့ ဒုတိယမြောက်နေ့အဖြစ် သောကြာနေ့က လန်ဒန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
စက်မှုကုန်ပစ္စည်း အားလုံးနီးပါး အပေါ် အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ သဘောတူညီချက်တွေကို သူတို့ ရရှိခဲ့ပါတယ်။
ဂျပန်ကနေ ဗြိတိန်ကိုတင်ပိုနေတဲ့ တင်ပို့မှုတွေထဲက ပမာဏအကြီးဆုံးဖြစ်တဲ့ မော်တော်ယာဉ်တွေအတွက် အကောက်ခွန်များကို အဆင့်ဆင့် လျှော့ချပေးသွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာတော့ အပြီးတိုင် ဖျက်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ ဗြိတိန်အစိုးရတို့ အနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဟာ နောက်နှစ် ဇန်နဝါရီလ ၁ ရက်ကစပြီး အသက်ဝင်လာစေဖို့ မျှော်လင့်နေပါတယ်။ ဥရောပသမဂ္ဂ (EU) ကနေ ဗြိတိန်နိုင်ငံ ထွက်ခွာရေးရဲ့ အကူးအပြောင်းကာလဟာ ဒီနှစ်ကုန်မှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။
သဘောတူညီချက် ချုပ်ဆိုရေးဆီ ဦးတည်တဲ့ ကောင်းမွန်ထင်ရှားတဲ့ တိုးတက်မှု အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ယုံကြည်ကြောင်း အစည်းအဝေး အပြီးမှာ မစ္စတာမိုတဲဂိက ပြောကြားသွားပါတယ်။
ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်ခဲ့တယ်လို့ Liz Truss ကလည်း သောကြာနေ့က တွစ်တာ အင်တာနက် စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
EU – ဂျပန်သဘောတူညီချက်ထက် ကျော်လွန်ပြီး ဒစ်ဂျစ်တယ်၊ သတင်းအချက်အလက်နှင့် ဘဏ္ဏာရေး ဝန်ဆောင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် နှစ်ဖက် သဘောတူညီမှုတွေ ရနိုင်ခဲ့တယ်လို့လည်း သူကဆိုခဲ့ပါတယ်။
ဆွေးနွေးဖို့ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတွေဟာ တချို့ စိုက်ပျိုးရေးထုတ်ကုန်တွေပဲ ဖြစ်တယ်လို့ ဂျပန်အစိုးရရဲ့ သတင်းရင်းမြစ်တွေက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
SOURCE – Japan Today

Tags: