ဂျပန်နဲ့ ဗီယက်နမ် ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေ အပြန်အလှန် ဖြေလျှော့မယ်

June 16, 2020 at 10:12 AM

နိုင်ငံသားတွေ အပြန်အလှန် သွားလာမှုကို အကန့်အသတ်နဲ့ ခွင့်ပြုဖို့ ဂျပန်နဲ့ ဗီယက်နမ်တို့ရဲ့ ညှိနှိုင်းမှုတွေ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံက လာတဲ့ စီးပွားရေးသမားတွေနဲ့ ဂျပန် အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ အစီအစဉ်တစ်ခု အောက်က အတတ်ပညာကျွမ်းကျင်မှု အလုပ်သင်သင်တန်းသားတွေကို အစောဆုံး ဇွန်လအနှောင်းပိုင်းမှာ ခွင့်ပြုဖို့ ဂျပန်အစိုးရက စီစဉ်နေပါတယ်။
ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်လာနေပြီး တစ်ဟုန်ထိုး ဈေးကွက်ကျယ်ပြန့်လာနေတဲ့ ဗီယက်နမ်ကို သွားလာမှုတွေ စောစောစီးစီး ပြန်ဖွင့်ဖို့ ဂျပန် စီးပွားရေးခေါင်းဆောင်တွေက တောင်းဆိုနေပါတယ်။
ဗီယက်နမ်က လာသူတွေအနေနဲ့ ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းမရှိကြောင်း အာမခံနိုင်ဖို့ မထွက်ခွာခင်မှာ ဗိုင်းရပ်စ်ဆိုင်ရာ ဆေးစစ်ချက်ကို တင်ပြဖို့ တောင်းဆိုရေး ဂျပန်အစိုးရက စီစဉ်နေပါတယ်။
သူတို့အနေနဲ့ ဂျပန်ကို ဆိုက်ရောက်ချိန်မှာ ဗိုင်းရပ်စ် စစ်ဆေးမှုကို ခံယူရဖို့ ရှိပြီး ခရီးစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း တင်ပြရဖွယ် ရှိပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေက ဂျပန်ကို လာရောက်မှုတွေ ဘယ်တော့ ပြန်စမလဲဆိုတာ မသိရသေးပေမဲ့ ဂျပန်ကနေ ဗီယက်နမ်ကို သွားလာမှုတွေကို အစောဆုံး ဇွန်လ အနှောင်းပိုင်းမှာ စတင်မယ်လို့ မျှော်လင့်ရပါတယ်။
ဂျပန်ဟာ ထိုင်း၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့နဲ့လည်း သွားလာမှု ကန့်သတ်ချက်တွေ ဖြေလျှော့ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
ထိုင်းနိုင်ငံနဲ့ အကြား ဆွေးနွေးမှုတွေ တိုးတက်လာနေပေမဲ့ တခြား နှစ်နိုင်ငံကတော့ ဂျပန်နိုင်ငံသားတွေကို အဆောတလျင် လက်ခံရေးအပေါ် သတိထားနေကြပါတယ်။