ဂျပန်ကုမ္ပဏီများမှ ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်များကို ထပ်မံတိုးမြှင့်ပေးခဲ့။

March 18, 2020 at 2:21 PM

ဂျပန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးအများစုဟာ ဝန်ထမ်းများအား အိမ်မှနေ၍ ဆက်လက်အလုပ်လုပ်စေရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ လတ်တလော ဂျပန်နိုင်ငံတွင် Coronavirus ကူးစက်ပြန့်ပွားနေမှုအား ထိန်းချုပ်နိုင်စွမ်းမရှိသေးသောကြောင့် ကုမ္ပဏီများက မိမိတို့ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်များကို ထပ်မံတိုးမြှင့်‌ခဲ့ပါတယ်။

Source : NHK

ဂျပန်နိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shiseido ရဲ့ ဝန်ထမ်း (၈,၀၀၀)ဦးဟာလည်း အရေးပေါ်ချမှတ်ထားတဲ့ စီမံချက်များကြောင့် ရုံးပြင်ပမှနေ၍ မိမိတို့ရဲ့ တာဝန်များကို ဆက်လက်လုပ်ဆောင်နေပါတယ်။ မူလအစကအိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်ဟာ မတ်လ (၁၅)ရက်၊တနင်္ဂနွေနေ့အထိသာ သတ်မှတ်ထားခဲ့သော်လည်း ယခု မတ်လ(၃၁)ရက် အင်္ဂါနေ့အထိ တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။

Source : NHK

အရောင်းအဝယ် လောကကို ဦးဆောင်နေတဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Mitsubishi Corporation ကလည်း ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်ကို မတ်လ(၁၅)ရက်မှ မတ်လ လကုန်အထိ တိုးမြှင့်ခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင်းမှာနေထိုင်ကြတဲ့ Mitsubishi ၏ဝန်ထမ်းဦးရေဟာ ၃,၈၀၀ ခန့်ရှိပြီး ယခုနေအိမ်မှတစ်ဆင့် မိမိတို့၏လုပ်ငန်းတာဝန်များကိုဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

အခြားအရောင်းအဝယ်ကုမ္ပဏီများဖြစ်တဲ့ Sumitomo Corporation နှင့် Nissin Good Holdings တို့ဟာလည်း Mitsubishi ကုမ္ပဏီကဲ့သို့ပင် အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်ကိုထပ်မံတိုးမြှင့်ပေးခဲ့သည်ဟုသိရပါတယ်။