မိုးသည်းထန်မှုအတွက် တိမ်းရှောင်ရေးဆိုင်ရာ သတိပေးချက် စနစ်သစ် ဂျပန်မှာ စတင်

May 22, 2021 at 8:29 AM

မိုးသည်းထန်မှု၊ ရေကြီးမှုနဲ့ မြေပြိုမှုဆိုင်ရာ အဆင့် ၅ ဆင့်ပါ သတိပေးချက် စကေးသစ်တစ်ခုကို ဂျပန် အရာရှိတွေက ကြာသပတေးနေ့မှာ စတင် အသုံးပြုလိုက်ပါတယ်။

ပြောင်းလဲပြင်ဆင်လိုက်တဲ့ အဲဒီစကေးရဲ့ အဓိက အချက်ကတော့ အဆင့် ၄ ဆိုတာ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားတဲ့အချိန်မှာ “ပြည်သူအားလုံး မဖြစ်မနေ တိမ်းရှောင်ရမယ်” ဆိုတဲ့ အချိန်ဖြစ်တယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ မိမိတိမ်းရှောင်မယ့်နေရာတွေနဲ့ တပါတည်း ဒီ စကေးသစ်က သတ်မှတ်ချက်တွေ လေ့လာထားကြဖို့ တိုက်တွန်းထားပါတယ်။
အဆင့် ၁ အနေအထားမှာ ပြည်သူတွေ အနေနဲ့ မိုးလေဝသဆိုင်ရာ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို သတိထားစောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။ အဆင့် ၂ မှာ ဘယ်လို တိမ်းရှောင်ရမလဲဆိုတာ စစ်ဆေးကြည့်ထားဖို့ ဆိုထားပါတယ်။ အဆင့် ၃ မှာ အသက်ကြီးသူတွေနဲ့ ကိုယ်ခန္ဓာ မသန်စွမ်းသူတွေ စတင် တိမ်းရှောင်ဖို့ တိုက်တွန်းတဲ့ သတိပေးချက်တွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
အဆင့် ၄ ကတော့ မိုးသည်းထန်မှုကြောင့် မြေပြိုမှု ဒါမှမဟုတ် ရေကြီးမှု အန္တရာယ် ကြုံနိုင်ခြေ မြင့်မားတဲ့ အနေအထားဖြစ်ပြီး “တိမ်းရှောင်ရေး အမိန့်”ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အန္တရာယ် ကြုံနိုင်ခြေ မြင့်မားတဲ့ နေရာတွေက လူအားလုံး မြန်မြန်ဆန်ဆန် တိမ်းရှောင်ကြရမှာ ဖြစ်ပါတယ်။
အရင်က အဆင့် ၄ မှာ “တိမ်းရှောင်ရေး အကြံပေးချက်” နဲ့ “တိမ်းရှောင်ရေး အမိန့်” ဆိုပြီး အဆင့်ခွဲထားခဲ့ပါတယ်။ “အမိန့်” ဟာ “အကြံပေးချက်” ထက် ပိုပြီး မြန်မြန်လုပ်ဆောင်ရမယ့် အရာဖြစ်ပေမဲ့ ကွဲပြားချက်ကို လူတွေက နားမလည်ဘဲ ရောထွေးနေတာကို တွေ့ခဲ့ရတာကြောင့် အခု စနစ်သစ်မှာ အဆင့်မခွဲတော့ဘဲ “တိမ်းရှောင်ရေး အမိန့်”အဖြစ် ပေါင်းစပ်လိုက်ပါတယ်။
အဆင့် ၅ မှာ “အသက်အန္တရာယ်ကင်းအောင် ချက်ချင်း လုပ်ဆောင်ရေး” လိုအပ်နေပြီဆိုတာ သတိပေးပါတယ်။ ဘေးအန္တရာယ် တစ်ရပ် ကျရောက်နေချိန် ဒါမှမဟုတ် ချက်ချင်း ကျရောက်မယ့် အနေအထား ဖြစ်နေချိန်မှာ ဒီ အဆင့် ကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်ဖို့ မလုပ်နိုင်သူတွေအနေနဲ့ အပေါ်အထပ်မြင့်တွေကို တက်တာ၊ ဒါမှမဟုတ် တောင်ကမ်းပါးနဲ့ ဝေးရာဘက်ကို ရွှေ့နေတာမျိုး အိမ်တွင်းက ပိုမို လုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းနေပြီး အသက်အန္တရာယ်ကနေ ကာကွယ်ဖို့ အဆင့် ၅ မှာ တိုက်တွန်းမှာ ဖြစ်ပါတယ်။
အဆင့် ၅ ဟာ အမြဲလိုလို ထုတ်ပြန်မှာမျိုး မဟုတ်တာကြောင့် အဆင့် ၄ “တိမ်းရှောင်ရေးအမိန့်” ထုတ်ပြန်ရင် ပြည်သူအားလုံး မဖြစ်မနေ တိမ်းရှောင်ရမှာ ဖြစ်ပါတယ်။ အဆင့် ၅ ကို စောင့်မနေဖို့ သတိပေးထားပါတယ်။

Tags: