COVID-19 ကြောင့် နိုင်ငံအချင်းချင်း အင်အားပြိုင်မှု ဖြစ်နိုင်ဟု ဂျပန်ကာကွယ်ရေးစက္ကူဖြူစာတမ်းတွင် ဖော်ပြပါရှိ

July 14, 2020 at 6:33 PM

ဂျပန်ရဲ့ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ သြဇာလွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေအချင်းချင်းအကြား ယှဉ်ပြိုင်မှုတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ထင်ထင်ရှားရှား ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သတိပေးထားပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာထဲမှာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လူမှုအဖွဲ့အစည်းတွေထဲမှာ မရေရာ မသေချာမှု တွေနဲ့ အရှုပ်အထွေးတွေ ကြီးမားလာနေတဲ့အတောအတွင်း “ဝါဒဖြန့်ချိဖို့ ကြိုးပမ်းမှုတွေ” ကို တရုတ်ကလုပ်ဆောင်နေတယ်လို့ ဖော်ပြထား ပါတယ်။

ဒါ့အပြင် ကပ်ရောဂါဟာ “နိုင်ငံတွေ အချင်းချင်းအကြားမှာ သူတို့ ပိုပြီး အသာစီးရစေမယ့် နိုင်ငံတကာနဲ့ ဒေသတွင်းက ဥပဒေတွေကို ဖန်တီးဖို့နဲ့ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့ ရည်ရွယ်ပြီး မဟာဗျူဟာကျတဲ့ ယှဉ်ပြိုင်မှုတွေ သိသိသာသာ အရှိန်မြင့်လာနိုင်တယ်” လို့လည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အဲဒီလို လုပ်ဆောင်မှုတွေကို အထူးသတိထားပြီး အနီးကပ်စောင့်ကြည့်သင့်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြစ်တယ်လို့လည်း ဖော်ပြ ထားပါတယ်။ အရှေ့တရုတ်ပင်လယ်ထဲက Senkaku ကျွန်းစုတွေအနီး ဂျပန်ရေပိုင်နက် အပြင်ဘက်မှာ နေ့စဉ်လိုလို တရုတ်အစိုးရရဲ့ သင်္ဘောတွေ ရှိနေတာနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ရကြောင်းလည်း အစီရင်ခံစာမှာ ရေးသား ဖော်ပြထား ပါတယ်။ ဒါ့အပြင် “တရုတ်ဟာ အဲဒီကျွန်းတွေ တစ်ဝိုက်က ပင်လယ်ပြင်မှာ လက်ရှိ အနေအထားကို အတင်းအကျပ် ပြောင်းလဲဖို့ တစ်ဖက်သတ်ကြိုးပမ်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့တယ်” လို့လည်း ဖော်ပြထားပါတယ်။

အဲဒီကျွန်းတွေကို ဂျပန်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီကျွန်းတွေဟာ အစဉ်အဆက် ဂျပန်ရဲ့ ပိုင်နက် နယ်မြေဖြစ်တယ်ဆိုတာကို ဂျပန်အစိုးရက ကိုင်စွဲထားပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်တို့ကလည်း သူတို့ပိုင်ဆိုင်တယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

စက္ကူဖြူစာတမ်းမှာ တရုတ်ဟာ “သူ့ရဲ့ စစ်အင်အားကို အရည်အသွေးရော အရေအတွက်ပါ အလျင်အမြန် တိုးတက်အောင် မြှင့်တင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်တာတွေ လုပ်ဖို့အတွက် ပွင့်လင်းမြင်သာမှုမရှိတဲ့ ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက်ကို အမြင့်ဆုံးအထိ တိုးမြှင့် သုံးစွဲနေခဲ့တယ်” လို့လည်း ဖြည့်စွက် ဖော်ပြထားပါတယ်။ဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အကြီးအကျယ် မြင့်တက်လာနေစေပြီး တရုတ်ဟာ တရားဥပဒေစိုးမိုးရေးရဲ့ အခြေခံမူအတိုင်း ပြုမူသင့်တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အဲဒီစက္ကူဖြူစာတမ်းမှာ မြောက်ကိုရီးယားနိုင်ငံဟာ ဂျပန်နိုင်ငံအထိ ရောက်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်တွေမှာ နျူကလီးယား ထိပ်ဖူးတပ်ဆင် နိုင်စွမ်းရှိနေပြီလို့ ဖော်ပြထားပါတယ်။မြောက်ကိုရီးယားဟာ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်တွေကို ထွင်းဖောက်ဖို့ ကြိုးစားနေတယ်လို့ ယုံကြည်ရပြီး သူ့ရဲ့ နည်းပညာ တိုးတက်မှုဟာ ဂျပန်အပါအဝင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ သတင်းအချက်အလက်တွေ စုဆောင်းဖို့နဲ့ ကြားဖြတ်ရယူရေးအတွက် စိန်ခေါ်မှုအသစ်တွေကို ဖြစ်ပေါ်စေတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဂျပန်ရဲ့ နိုင်ငံ့ကာကွယ်ရေးနဲ့ ပတ်သက်ပြီး Yamaguchi နဲ့ Akita ခရိုင်တွေမှာ မြေပြင် အခြေစိုက် အေးဂျစ် အရှော ဒုံးကျည်ကာကွယ်ရေးစနစ် ချထားရေးကို ရုပ်သိမ်းဖို့ ဇွန်လမှာ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ အဲဒီစက္ကူဖြူ စာတမ်းမှာ ဖော်ပြထားပါတယ်။ဒါ့အပြင် ဂျပန်အစိုးရရဲ့ နိုင်ငံ့လုံခြုံရေးကောင်စီမှာ ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး အနာဂတ် လမ်းကြောင်းကို ဆန်းစစ်သွားမယ်လို့ အဲဒီ စက္ကူဖြူစာတမ်းမှာ ဖော်ပြထားပါတယ်။
SOURCE – Japan Times