ကျည်ဆန်ရထား အမျိုးအစားအသစ် စတင်ပြေးဆွဲ

July 2, 2020 at 2:00 PM

ဂျပန်မှာ ကျည်ဆန်ရထား အမျိုးအစားအသစ် N700S ကို စတင်ပြေးဆွဲခဲ့ပြီး ရထား ဝါသနာရှင်တွေ အမြောက်အမြား လာရောက်ကြည့်ရှု အားပေးခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ မနက် ၅နာရီခွဲမှာ တိုကျိုဘူတာက လက်မှတ်ဖြတ်တဲ့ ဂိတ် ဖွင့်တာနဲ့ တစ်ပြိုင်နက်တည်း ရထား ဝါသနာရှင်တွေဟာ စင်္ကြံပေါ်ကို ပြေးတက်ခဲ့ကြပါတယ်။ ဝါသနာရှင်အများအပြားဟာ N700S ကျည်ဆန်ရထား အမျိုးအစားအသစ်ကို ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
အဲဒီ ကျည်ဆန်ရထားဟာ ၁၃နှစ်ကာလအတွင်း ပထမဆုံး အဆင့်မြှင့်တီထွင်ခဲ့တဲ့ ကျည်ဆန်ရထားအမျိုးအစားဖြစ်ပြီး Tokaido Shinkansen Line ပေါ်မှာ ပြေးဆွဲမယ့် ၆ ဆက်မြောက် မော်ဒယ်အသစ် ကျည်ဆန်ရထားလည်း ဖြစ်ပါတယ်။
အဲဒီ ရထားက မနက် ၆နာရီအချိန်မှာ ဖူကုအို့ကာကို မထွက်ခွာခင် Central Japan Railway ကုမ္ပဏီရဲ့ အကြီးအကဲ မစ္စတာ ခါနဲကို ရှင်း (Kaneko Shin) က ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
N700S ကျည်ဆန်ရထားဟာ ကဏ္ဍအမျိုးမျိုးမှာ လုပ်ဆောင်နိုင်စွမ်း အမြင့်မားဆုံးဖြစ်ပြီး ခရီးသည်တွေအနေနဲ့ အင်မတန် သက်သောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် စီးနိုင်ဖို့ မျှော်လင့်ကြောင်း မစ္စတာ ခါနဲကိုက ပြောပါတယ်။
N700S ကျည်ဆန်ရထားဟာ အမြင့်ဆုံး တစ်နာရီ ၂၈၅ ကီလိုမီတာ အမြန်နှုန်းနဲ့ ပြေးဆွဲနိုင်ပြီး ဒါဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ ကျည်ဆန်ရထားအမျိုးအစားတွေနဲ့ တူပါတယ်။ ဒါပေမဲ့ ဆူညံသံ၊ တုန်ခါမှုနဲ့ လေခုခံအား တို့ကိုတော့ လျှော့ချထားပါတယ်။
အဲဒီ ကျည်ဆန်ရထားအမျိုးအစားအသစ်ကို အစပိုင်းမှာ ၄စင်းသုံးဖို့နဲ့ နောက်လာမယ့် ၃နှစ်အတွင်းမှာ အစင်း ၄၀အထိ တိုးမြှင့်အသုံးပြုသွားဖို့ Central Japan Railway ကုမ္ပဏီက စီစဉ်ထားပါတယ်။

SOURCE – Japan Today

Tags: