အမှိုက်မထွက်တဲ့ ဂျပန်မြို့ကေလး ကာမီကတ်ဆု

December 24, 2020 at 12:20 PM

အမှိုက်မရှိဘူးလို့ ဆိုလိုက်ရင် မြို့ရဲ့ လမ်းမတွေပေါ်မှာ အမှိုက်မရှိ သန့်ရှင်းသပ်ရပ်နေတာကို စာဖတ်သူတွေ တွေးထင်မိလိမ့်မယ်။ အမှိုက်တစ်စက်မှ မရှိပဲ သန့်ရှင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ အမှိုက်ကို အမှိုက်ပုံးထဲထည့် သေချာစွန့်ပစ်ဖို့ စနစ်တကျအမှိုက်သိမ်းပြီး အမှိုက်တွေ ပလက်စတစ်တွေကို ရှင်းလင်းဖယ်ရှားနိုင်ဖို့ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ အမှိုက်မှန်သမျှ မထွက်အောင် မူဝါဒ ချမှတ်ကျင့်သုံးနေတဲ့ ကာမီကတ်ဆု ဆိုတဲ့ ဂျပန်နိုင်ငံ အနောက်ပိုင်းက မြို့ကလေးတစ်မြို့ကို ပြောပြချင်တာဖြစ်ပါတယ်။

တိုကူရှီမာ ပြည်နယ် ကာမီကတ်စုမြို့မှာ ကမ္ဘာကြီးအတွက် အမှိုက်မထွက်အောင် စီမံခန့်ခွဲကြတဲ့ ဗီဒီယိုမှတ်တမ်းကို ရိုက်ကူးထုတ်လွှင့်ခဲ့ရာ တစ်ကမ္ဘာလုံးက စိတ်ဝင်စားခဲ့ကြပြီး ကမ္ဘာအနှံ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရအေဂျင်စီတွေက ကာမီကတ်ဆုမြို့ကလေးရဲ့ မူဝါဒကို လေ့လာလာခဲ့ကြပါတယ်။ပလက်စတစ်နှင့် စက္ကူ ခွဲပြီး အမှိုက်သတ်မှတ်ရတာတောင် အချိန်ကုန်တယ်လို့ လူအများက ဆင်ခြေပေးနေတဲ့အချိန်မှာ ကာမိကတ်ဆု မြို့မှာ အမှိုက်တွေကို အမျိုးအစား ၃၄ မျိုးခွဲခြားပြီး ပြန်လည်အသုံးပြုနိုင်မဲ့ လုပ်ငန်းစဉ်နဲ့ပူးတွဲပြီး မြို့အတွက် ဆောင်ရွက်နေပါတယ်။

၂၀၀၃ ကတည်းက အမှိုက်ထွက်မှုအဆင့်သုညဖြစ်ဖို့ အဲ့ဒီမြို့ကလေးက ကြိုးစားခဲ့တယ်။ သူလို ကိုယ်လို အမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ခဲ့ပေမဲ့ အမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုမျိုး ထိခိုက်စေနိုင်သလဲဆိုတာကို နားလည်သိရှိကြပြီးနောက်မှာတော့ မြို့နေပြည်သူအများက ကိုယ့်အိမ်က အမှိုက်ကို ကိုယ့်ဖာသာခွဲယူလာပြီး မြို့လယ်မှာရှိတဲ့ ပြန်လည်သန့်စင်ရေး စင်တာ ယူလာကြတော့တယ်။ စင်တာက ဝန်ထမ်းတွေက မတူကွဲပြားတဲ့ အမှိုက်တွေကို နောက်တစ်ကြိမ် စီစစ်ပြီး သီးသန့်ထုပ်ပိုးကြပါတယ်။ ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ဆောင်တာဟာ အဲ့ဒီစင်တာရဲ့ နေ့စဉ်လုပ်ငန်းစဉ်ဖြစ်ပါတယ်။

မြို့ကလေးမှာ အဝတ်ဟောင်း၊ အသုံးအဆောင်ဟောင်းတွေ စွန့်ပစ်ဖို့ စတိုးဆိုင်တစ်ဆိုင် ထားရှိတယ်။ ကိုယ်မလိုချင်တဲ့ ပရိဘောဂတွေ၊ အဝတ်အစားတွေကို လာထားနိုင်ပြီး အဲ့ဒီစတိုးဆိုင်မှာရှိတဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေနဲ့ လဲယူသွားနိုင်ပါတယ်။ အလုပ်ရုံလေးတစ်ခုလည်း ဖန်တီး တည်ထောင်ကာ ဘယ်သူမှ မလိုချင်တော့သည့် အဝတ်အစားဟောင်းတွေကို သုံးပြီး ဝက်ဝံရုပ် ကနေ စပြီး တခြား ပြန်ရောင်းနိုင်မဲ့ အရာတွေကို ပြန်ပြီး ထုတ်လုပ်ကြပါတယ်။

၂၀၂၀ အရောက် မြေမြှုပ် မီးရှို့စွန့်ပစ် အမှိုက်ပမာဏ လုံးဝသုညဖြစ်အာင်လုပ်ဖို့ မြို့ကလေးက ကြုံးဝါးထားပါတယ်။ ယခုအချိန်မှာ မြို့ကထွက်တဲ့ အမှိုက်တွေရဲ့ ၈၀ ရာခိုင်နူန်းကို ပြန်သုံးနေကြပါပြီ။ကမ္ဘာလုံးဆိုင်ရာ အမှိုက်ပမာဏက အမြန်ကြီး တိုးတက်များပြားလာနေကြောင်း ကမ္ဘာ့ဘဏ်က အစီရင်ခံထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ မြို့တော်ကြီးများ၌ နေထိုင်သူလူဦးရေ သန်းပေါင်းတစ်ထောင့်လေးရာ ထပ်တိုးလာမည်ဖြစ်လေရာ လူထု၏ အမှိုက်ထုတ်နူန်းကလည်း တက်လာမယ်လို့ တွက်ချက်ရရှိထားပါတယ်။ လူတစ်ဦး ပျမ်းမျှ အမှိုက်ထွက်ရှိနူန်းဟာ တစ်ရက်ကို ၃ ပေါင်ခန့်အထိ ရှိလာမယ်ဟု ခန့်မှန်းထားပါတယ်။