ရုံးဆင်းရုံးတက်ချိန် လူကြပ်မှု လျော့ကျသွားဖို့ တက္ကစီ အတူတွဲစီးနင်းမှု တိုကျိုတွင် စမ်းသပ်လုပ်ဆောင်

July 13, 2020 at 7:07 PM

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့ အတောအတွင်း ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေ အလုပ်တက်ဖို့ taxi-sharing လို့ အမည်ပေးထားတဲ့ တက္ကစီ အငှားကားတစ်စီးမှာ လူအများ အတူပေါင်း စီးနင်းမှုကို စတင် စမ်းသပ်ခဲ့ပြီး အများသုံး လမ်းပန်းဆက်သွယ်ရေး နည်းလမ်းတွေမှာ လူကြပ်တာကို ရှောင်ရှားခြင်းအားဖြင့် ရောဂါကူးစက်မှု အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဂျပန်က မိုဘိုင်းဖုန်းလိုင်း အဓိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ KDDI ဟာ တိုကျိုက အငှားယာဉ် ကုမ္ပဏီတစ်ခုနဲ့ အတူ သီတင်း ၄ ပတ်အကြာ စမ်းသပ်မှုကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်လိုက်ပါတယ်။ အဲဒီကုမ္ပဏီဟာ တက္ကစီ ၁၀ စီးကို အသုံးပြုပြီး ဝန်ထမ်းတွေကို ရုံးကနေ အသွားအပြန် ပို့ဆောင်ပေးပါတယ်။

လာကြိုစေချင်တဲ့ နေရာနဲ့ အချိန်တွေကို ကြိုတင်မှာကြားဖို့ ဝန်ထမ်းတွေဟာ အပလီကေးရှင်းတစ်ခုကို အသုံးပြုပါတယ်။ လူလုပ်အသိဉာဏ် (AI) က တစ်ဦးမကတဲ့ ခရီးသည်တွေကို အထိရောက်ဆုံး သယ်ဆောင်နိုင်မယ့် လမ်းကြောင်းကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူ တစ်ဦးဦးနဲ့ ထိတွေ့မှု ရှိမရှိ ခြေရာခံရေးမှာ ဒီခရီးသည်တွေရဲ့ အချက်အလက်တွေကို ရယူအသုံးပြုနိုင်တာကြောင့်လည်း ဒီဝန်ဆောင်မှုဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးရေးကို အထောက်အကူဖြစ်စေမယ်လို့ KDDI ကဆိုပါတယ်။

SOURCE – Automotive