ဂျပန်က ခရိုင် ၉ ခုမှာ ဆေးရုံခုတင်တွေ နေရာလွတ်မရှိတော့သလောက် ဖြစ်နေ

April 17, 2020 at 1:35 PM

ဂျပန်က ခရိုင် ၄၇ခုအနက် ၉ခုမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ထားရှိကုသဖို့အတွက် ဆေးရုံမှာ ခုတင်တွေ နေရာလွတ် မရှိတော့သလောက် ဖြစ်နေတယ်လို့ NHK က သိရှိ ရပါတယ်။ NHK က ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တခြားအဖွဲ့တွေကို သူတို့မှာရှိတဲ့ ဆေးရုံ ခုတင် အရေအတွက်နဲ့ အသုံးပြုထားတဲ့ ခုတင် အရေအတွက် တွေကို မေးမြန်းခဲ့ပါတယ်။

အခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေကို ထားရှိ ကုသ ဖို့အတွက် ပြင်ဆင်ထားတဲ့ ဆေးရုံခုတင် ၉၆၀၀ လောက် နိုင်ငံတစ်ဝန်းမှာ ရှိပါတယ်။ ဆေးရုံမှာ တင်ထားတဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း အနည်ဆုံး ၅၀၀၀ ရှိနေပါတယ်။

ခရိုင် ၉ခုက သူတို့မှာ ရှိတဲ့ ဆေးရုံခုတင်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ လူနာတွေ နဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ အဲဒီ ခရိုင်တွေထဲမှာ ဗဟိုအစိုးရက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ တိုကျို (Tokyo)၊ အိုစာကာ(Osaka)၊ ဟယောဂိုး (Hyogo) နဲ့ ဖုကုအိုက (Fukuoka) ခရိုင်တွေ ပါဝင်ပါတယ်။ ကျိုတို (Kyoto) နဲ့ အိုကီနာဝါ (Okinawa) ခရိုင်တွေ အပါအဝင် တခြား ခရိုင် ၅ခုမှာ အရေးပေါ်အခြေအနေ ကို မကြေညာထားပါဘူး။

ဆေးရုံမှာသုံးတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းတွေ၊ တခြား ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ရှိအောင်လုပ်ဖို့ ပစ္စည်းကိရိယာတွေ ပြတ်လပ်သွားမှာနဲ့ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေ အဆောက်အအုံကို ပြောင်းရွှေ့ရေး ကြီးကြပ်ပေးမယ့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ မလုံမလောက် ဖြစ်လာမှာကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက စိုးရိမ်နေကြပါတယ်။

ဆေးရုံကြီးတွေမှာ လူနာတွေ အလွန်အကျွံ များပြားလာမှာနဲ့ ဆေးရုံမှာ ရောဂါပိုးကူးစက်မှု ဖြစ်လာမယ့် အန္တရာယ်တွေအတွက်လည်း သူတို့က စိုးရိမ်နေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးပညာဆိုင်ရာ နိုင်ငံ့စင်တာက ဆရာဝန် ခုဆုနာ့ စာ့တိုးရှိ (Kutsuna Satoshi) က ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို လက်မခံတဲ့ ဆေးရုံတွေအနေနဲ့ ဒေသတွင်း ကျန်းမာရေးစနစ် လည်ပတ်မှု ဆက်လက် ထိန်းသိမ်းဖို့အတွက် ရောဂါကူးစက်ခံရသူတွေကို လက်ခံပြီး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

လူနာ အများအပြား မရှိသေးတဲ့ ဧရိယာတွေအနေနဲ့ လုပ်နိုင်ဆဲ အခြေအနေမှာ ဆေးရုံမှာ ခုတင်တွေ အလုံအလောက် ရှိနေအောင် ပြင်ဆင်ထားရှိဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

SOURCE – Japan Today