ကျူးရှူးကျွန်းက မိုဂျိကမ္ဘာအေးစေတီတော်ကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ဖို့ရှိ

July 20, 2020 at 6:17 PM

Kita Kyushu မြို့ Moji အရပ်မှာရှိတဲ့ ဂျပန်မှာ တစ်ဆူတည်းရှိသော မြန်မာ ဗုဒ္ဓဘာသာ (မိုဂျိကမ္ဘာအေးစေတီတော်)ကို ဂျပန်နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်တရားဝင် သတ်မှတ်ဖို့ ဆောင်ရွက်နေပါတယ်။

မိုဂျိအရပ်က Mekari ဥယျာဉ်ပန်းခြံထဲမှာတည်ထားတဲ့ မိုဂျိကမ္ဘာအေးစေတီတော် ဟာ ဒုတိယ ကမ္ဘာစစ်ကာလက မိုဂျိဆိပ်ကမ်းကနေ စစ်ထွက်ခဲ့ပြီး စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့သူတွေ အတွက်ရည်စူးပြီး ၁၉၅၈ခုနှစ် မှာ ဆောက်တည်ကိုးကွယ်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ တစ်ခုတည်းသော မြန်မာဗုဒ္ဓဘာသာ စေတီပုထိုးဖြစ်ပါတယ်။
အနောက်တောင်၊ အရှေ့တောင် နဲ့ အနောက်မြောက် စတဲ့ အရပ်၃မျက်နှာ ဆီမှာ ဝင်ပေါက်တွေထားရှိပြီး၊ စေတီရဲ့အောက်ပိုင်းမှာကျောက်ပြားနဲ့ အပေါ်ပိုင်း မှာရွှေပြားတွေကပ်ပြီး တည်ထားတာက အဲဒီ စေတီတော်ရဲ့ ထူးခြားမှုတစ်ရပ်ဖြစ်ပါတယ်။ အဲဒီ စေတီမှာ သာသနာရေးဆောင်ရွက်ဖို့ မြန်မာနိုင်ငံအစိုးရက စေလွှတ်ထားတဲ့ ဆရာတော်များ သီတင်းသုံးနေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့စဉ်ဆုတောင်းမေတ္တာပို့လျက်ရှိပါတယ်။
မိုဂျိကမ္ဘာအေးစေတီတော်ဟာ မြန်မာ့ ဗိသုကာပညာရှင်တွေကို ဖိတ်ခေါ်ပြီး တကယ့်မြန်မာ့စေတီပုထိုးတွေရဲ့ ပုံသဏ္ဍန်အတိုင်း အတိအကျ တစ်ပုံစံတည်း တည်ဆောက် ထားရှိခဲ့တဲ့ ဂျပန်နိုင်ငံအတွက်လည်း ထူးခြားပြီး ရှားပါးတဲ့ ဘာသာရေး ဆိုင်ရာ အဆောက်အဦဖြစ်တဲ့အတွက် စေတီတော်ကို နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်သတ်မှတ်ပေးဖို့ ဂျပန့်ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဆီကို ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်စီစစ်ရွေးချယ်ရေးကော်မတီက ဇူလိုင်လ ၁၇ရက်နေ့မှာ တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး စေတီတော်ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် မိုဂျိမှာ ဒီလို ဘုရားစေတီတော်ရှိတယ်ဆိုတာကို လူအများပိုသိစေမယ့် အခွင့်ထူးဖြစ်တယ်လို့ မိုဂျိကမ္ဘာ့အေးစေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ တစ်ဖက်မှာလည်း စတင် တည်ထား ကိုးကွယ်ခဲ့တဲ့ အချိန်ကနေ နှစ်ပေါင်း၆၀ကျော်ပြီဖြစ်တဲ့ စေတီတော်မှာရှိတဲ့ ဘုရား သိမ် စတဲ့ အဆောက်အဦတွေ က အိုဟောင်း ပျက်စီးလာပြီ ဖြစ်တဲ့အတွက် ထိန်းသိမ်းမွမ်းမံမှု တွေအတွက် လှူဒါန်းကူညီကြဖို့ မေတ္တာရပ်ခံပါတယ်လို့လည်း ပြောသွားပါတယ်။
တကယ်လို့ မိုဂျိကမ္ဘာ့အေးစေတီတော်ကို ဂျပန့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်လိုက်မယ်ဆိုရင် ခိတကျူးရှူးမြို့ မှာ အဲဒီလို နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ်သတ်မှတ်ခံရတဲ့ နေရာ စုစုပေါင်း ၂၃ နေရာရှိလာမယ်လို့ အဲဒီမြို့က တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

SOURCE – Japan Today

Tags: