နာဂါစာကီ က အပျော်စီးသင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် စုပြုံကူးစက်မှု ဖြစ်ပွား

April 22, 2020 at 7:36 PM

ဂျပန်အနောက်ပိုင်း နာဂါစာကီမြို့မှာ ဆိုက်ကပ်ထားတဲ့ အီတလီက အပျော်စီးသင်္ဘောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၃ဦးရှိကြောင်း စစ်ဆေး အတည်ပြုခဲ့တယ်လို့ နာဂါစာကီခရိုင် အရာရှိတွေက ပြောလိုက်ပါတယ်။

Costa Atlantica အမည်ရတဲ့ အဲဒီသင်္ဘောဟာ မွမ်းမံပြင်ဆင်ဖို့အတွက် နာဂါစာကီ ဆိပ်ကမ်းက မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းရဲ့ သင်္ဘောကျင်းမှာ ဒေါက်တင်ထားတာဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ ခရီးသည်မပါဘဲ ဝန်ထမ်း ၆၂၃ဦး ရှိပါတယ်။

တနင်္လာနေ့တုန်းက ဝန်ထမ်းတစ်ဦး ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်ရလဒ် ပေါ်ထွက်ခဲ့ပြီးနောက် အဲဒီလူနဲ့ အနီးကပ် ထိတွေ့ဆက်ဆံမှု ရှိခဲ့ပုံရတဲ့ စားဖိုမှူးအပါအဝင် တခြား ၅၇ဦးကို ကျန်းမာရေး ဝန်ကြီးဌာနက ရောဂါပိုး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရောဂါကူးစက်ခံထားရသူ ၃၃ဦးစလုံး ရောဂါပြင်းထန်တဲ့ အနေအထား မရှိဘူးလို့ သိထားရကြောင်း အရာရှိတွေက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စုပြုံကူးစက်မှု ဒီသင်္ဘောပေါ်မှာ ဖြစ်ပွားခဲ့တာလို့ သူတို့က ပြောပါတယ်။ ဆေးဝါးကုသမှု လုပ်ငန်းစဉ်တွေကို အဆင့်မြှင့်တင်တာ၊ လူနာတွေကို သယ်ပို့ရေးနည်းလမ်းတွေကို ပြင်ဆင်တာနဲ့ အဲဒီသင်္ဘောကို ပိုးသတ်တာတွေလုပ်ရင်း နောက်ထပ် ကူးစက်ပြန့်ပွားမှုကို ဟန့်တားဖို့ ဗဟိုအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင် နေတယ်လို့လည်း သူတို့က ဆိုပါတယ်။
SOURCE – China Daily