ဂျပန်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ချိန်အတွင်း လုပ်ဆောင်ခဲ့မှုများ

August 29, 2020 at 9:31 AM

၂၀၁၂ခုနှစ်မှာ မစ္စတာ အာဘဲဟာ သူ့ရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအတွက် တစ်ခဲနက် ထောက်ခံသူတွေ အများအပြား ရရှိခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
ပထမအကြိမ် ဝန်ကြီးချုပ်ရာထူးကို နုတ်ထွက်ပြီး ၅နှစ်အကြာ ဖြစ်တဲ့ အဲဒီအချိန်က သူ့မှာ ရည်မှန်းချက်တွေ ရှိခဲ့ပါတယ်။
သူ ဦးစားပေးလုပ်ဆောင်ချင်ဆုံးအရာကတော့ Abenomics လို့ သူခေါ်ဆိုတဲ့ မူဝါဒကို ကျင့်သုံးပြီး နိုင်ငံ့စီးပွားရေး ပြန်လည်အားကောင်းလာအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ စတော့ခ်ရှယ်ယာဈေးနှုန်းပြန်တက်လာပြီး အလုပ်အကိုင်နေရာတွေ များပြားလာခဲ့ပါတယ်။
သံတမန်ရေးရာမှာတော့ မစ္စတာ အာဘဲဟာ အမေရိကန် သမ္မတတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ရယူခဲ့ပါတယ်။
ရုရှားနဲ့ အကြား အထင်ကရဖြစ်တဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကိုလည်း အပြီးသတ်ချုပ်ဆိုဖို့ မစ္စတာ အာဘဲက ရည်ရွယ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ပြည်တွင်းရေးရာမှာတော့ မစ္စတာ အာဘဲဟာ ဂျပန်ရဲ့ စစ်ပြီးကာလက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားတဲ့ သူတစ်ယောက် ဖြစ်လာပါတယ်။
အဲဒီ ဖွဲ့စည်းပုံဟာ ၁၉၄၇ခုနှစ်မှာ အသက်ဝင်လာပြီးနောက်ပိုင်း လုံးဝပြောင်းလဲခြင်းမရှိသေးပါဘူး။ မစ္စတာအာဘဲက ပြောင်းလဲဖို့ အချိန်တန်ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ အုပ်စုလိုက် ခုခံကာကွယ်ပိုင်ခွင့်ရဲ့ အခွင့်အရေးကို ထည့်သွင်းဖို့အတွက် မစ္စတာ အာဘဲက အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောင်းလဲခဲ့ချိန်က ပြင်းပြင်းထန်ထန် အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒါကြောင့် အဲဒီ သမိုင်းဝင် ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ လုပ်ငန်းစဉ်ကိုတော့ မစ္စတာ အာဘဲ မစတင်နိုင်ခဲ့ပါဘူး။

SOURCE – Japan Today