ဝန်ကြီးချုပ်Abeရဲ့ဆက်ခံသူအဖြစ် မစ္စတာ Sugaကို LDPပါတီဝင် တစ်ချို့လိုလား

August 30, 2020 at 6:43 PM

LDP ရဲ့ မူဝါဒ သုတေသနကောင်စီ ဥက္ကဋ္ဌ Kishida Fumio၊ LDP အထွေထွေအတွင်းရေးမှူးဟောင်း Ishiba Shigeruနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း Noda Seiko တို့က လာမယ့်ခေါင်းဆောင်ရာထူးရဖို့ ဆန္ဒပြင်းပြကြောင်း ထုတ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
SUGA ကတော့ သူ့အနေနဲ့ ပြည်သူတွေရဲ့ ဘဝနဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သူ့ရဲ့ တာဝန် တွေကို အစွမ်းကုန် ထမ်းဆောင်သွားမယ်လို့ အင်တာနက်ပေါ်က သူရဲ့ ဘလော့ဂ်စာမျက်နှာမှာ စနေနေ့က ရေးသားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို ကိုင်တွယ်တုံ့ပြန် ဆောင်ရွက် တာအပါအဝင် ဝန်ကြီးချုပ်အာဘဲ ရဲ့ မူဝါဒတွေကို ဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်သွားနိုင်ဖို့အတွက် သူ့ကို မစ္စတာ အာဘဲ ရဲ့ ဆက်ခံသူအဖြစ် LDPပါတီတွင်းမှာ လိုလားသူတွေ များလာနေပါတယ်။
လွှတ်တော် ၂ရပ်စလုံးက LDP ပါတီဝင်အမတ်တွေ အားလုံးပါဝင်တဲ့ ပါတီ အထွေထွေညီလာခံကို စက်တင်ဘာလ ၁၃ ကနေ ၁၅ ရက်နေ့ လောက် ဝန်းကျင်မှာ ကျင်းပဖို့ ပါတီ အထွေထွေအတွင်းရေးမှူး Nikai Toshihiro နဲ့ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ Moriyama Hiroshi တို့ က သဘောတူညီခဲ့ကြပြီးဖြစ်ပါတယ်။
သူတို့နှစ်ဦး စနေနေ့ ညနေက တွေ့ဆုံပြီး မစ္စတာ အာဘဲ ရဲ့ ရာထူးဆက်ခံသူကို ရွေးချယ်မယ့်နည်းလမ်းနဲ့ အချိန်ကာလတွေကို ဆွေးနွေးခဲ့ပါတယ်။
ပုံမှန်အခြေအနေမှာဆိုရင် LDP လွှတ်တော်အမတ်အားလုံးနဲ့ နိုင်ငံတစ်ဝန်းက ပါတီဝင်တွေက ပါတီဥက္ကဋ္ဌကို ဆန္ဒမဲပေးရွေးချယ်လေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးလေဟာနယ်တစ်ခု ခံသွားမှာကို ရှောင်ရှားနိုင်ဖို့ အခုတစ်ကြိမ်မှာတော့ ပိုမိုမြန်ဆန်တဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ဖို့ သူတို့ သဘောတူခဲ့ကြပါတယ်။ ဒါကြောင့် LDP လွှတ်တော်အမတ်တွေနဲ့ ပါတီရဲ့ ခရိုင်အသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေဆီကသာလျှင် အခုတစ်ခေါက် ဆန္ဒမဲတွေ ရယူဖို့ တောင်းဆိုမယ်လို့ သိရပါတယ်။
LDP ပါတီတွင်း အုပ်စုတွေကတော့ အခုအချိန်အထိ ပါတီဥက္ကဋ္ဌလောင်းအဖြစ် ဘယ်သူ့ကိုထောက်ခံမယ် ဆိုတာမျိုး အတိအလင်း ပြောကြားတာတွေမရှိပဲ တစ်ဦးနဲ့ တစ်ဦး နီးနီးကပ်ကပ် စောင့်ကြည့် လေ့လာနေကြပါတယ်။
အာဏာရ LDPပါတီရဲ့ ခေါင်းဆောင်သစ် ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံဖို့ ဆန္ဒရှိသူတွေအနေနဲ့ ပါတီက အဲဒီရွေးကောက်ပွဲကို ဘယ်တော့ ဘယ်လိုလုပ်မယ်ဆိုတဲ့ကိစ္စ ဆုံးဖြတ်မယ့် အင်္ဂါနေ့ နောက်ပိုင်းမှာ စည်းရုံးရေးလှုပ်ရှားမှုတွေ စတင်နိုင်မှာ ဖြစ်ပါတယ်။

SOURCE – Japan Today

Tags: