ဂျပန်နိုင်ငံ၏ အသက်အငယ်ဆုံး အမျိုးသမီး မြို့တော်ဝန် အား တိုကူရှီးမားမြို့ ရွေးချယ်တင်မြှောက်

April 7, 2020 at 8:52 PM

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ တိုကူရှီးမား မြို့တော်ဝန်အသစ်အဖြစ် အသက်၃၆ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို ဧပြီလ ၅ ရက်နေ့တွင် ရွေးချယ်တင်မြှောက်ခဲ့သည်။ ရွေးချယ်တင်မြှောက်ခံရသူ Naito Sawako သည် ဂျပန်နိုင်ငံတွင် အသက်အငယ်ဆုံး အမျိုးသမီး မြို့တော်ဝန် တစ်ဦး ဖြစ်သည်။

တိုကူရှီးမား မြို့တော်ဝန် ရွေးကောက်ပွဲတွင် လက်ရှိ မြို့တော်ဝန်နှင့် မြို့တော်ဝန် အသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်လောင်းများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ မြို့တော်ဝန်အသစ် အဖြစ် ခန့်အပ်ခံရသူ Naito မှာ တိုကျို တက္ကသိုလ်ကျောင်းသူ ဘဝ ၌ ဆိုးရွားသည့် ကျန်းမာရေး အခြေအနေ ကို ခံစားခဲ့ရသည်။ အဆိုပါခံစားချက်အတွေ့အကြုံ များနှင့်ပတ်သက်ပြီးရေးသားထားသော သူ၏ စာအုပ် ကြောင့် လူအများ စိတ်ဝင်စားခြင်းကို ခံခဲ့ရသည်။

ဒေသဆိုင်ရာ လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား လုပ်ဆောင်သည့် အုပ်စု ကိုယ်စားလှယ်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် မြို့တော်ဝန် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိရွေးကောက်ပွဲက တိုကူရှီးမားမြို့ကို နှစ်ခြမ်းကွဲ စေခဲ့သော်လည်း နှစ်ဖက်စလုံးက မြို့တော်ကို ချစ်မြတ်နိုးကြလိမ့်မည်ဟု ထင်မြင်ကြောင်း Naito က ပြောကြားခဲ့သည်။ အသင်းအဖွဲ့ တစ်ခု အနေဖြင့် စည်းစည်းလုံးလုံး ရှေ့သို့ ချီတက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကိုရိုနာ ရောဂါပိုး ကူးစက်ပြန့်နှံ့မှု ကြောင့် ကမ္ဘာတစ်ဝှမ်းလုံး တိုးတက်မှု ဆိတ်သုဉ်းသွားသလို ခံစားရသည်ဟု Naito က မှတ်ချက်ပြုခဲ့သည်။ အဆိုပါ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် မြို့တော်၊စီရင်စုနှင့် အစိုးရတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သူမက ပြောကြားခဲ့သည်။