နောက်အပတ်မှာ ကန့်သတ်မှုများ ဖြေလျှော့သွားမဲ့ Tokyo

May 29, 2020 at 8:43 PM

မြို့တော် Tokyo ပြန်လည် ဖွင့်လှစ်ရေးအတွက် အဆင့်တစ်ဆင့်ကို အုပ်ချုပ်ရေးအဖွဲ့အရာရှိတွေ အရှိန်မြှင့်တင် လုပ်ဆောင်နေပါတယ်။
အခု သီတင်းပတ် ကုန်လွန်ပြီးတဲ့နောက် Corona Virus ထိန်းချုပ်ရေး အတွက် ကျင့်သုံးနေတဲ့ ကန့်သတ်ချက်တွေကို ပိုပြီး ဖြေလျှော့ပေးဖို့ အဲဒီအရာရှိတွေက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
Tokyo မြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko က သောကြာနေ့မှာ ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ “ကျွန်မတို့ဟာ ဇွန်လ ၁ ရက်နေ့ ကူးပြောင်းမယ့် ည ၁၂ နာရီမှာ နောက်ထပ်ခြေလှမ်းကို လှမ်းမယ်” လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီလိုအပြောင်းအလဲက အားကစားရုံတွေ ၊ ရုပ်ရှင်ရုံတွေ နဲ့ မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း မဟုတ်တာတွေကို ရောင်းတဲ့ လက်လီဆိုင်တွေကို ပြန်ဖွင့်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေကိုတော့ အစားအသောက်တွေကို ည ၁၀ နာရီအထိပဲ ရောင်းချဖို့ ဆက်လက် မေတ္တာရပ်ခံမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက် အနည်းငယ်အတွင်းက Tokyo မှာ ကူးစက်ခံရတယ်လို့ အတည်ပြုခဲ့တာ ၁၅ ဦး ဒါမှမဟုတ် အဲဒါထက် နည်းခဲ့ပါတယ်။ ကူးစက်ခံရသူ အများဆုံး ၂၀၀ ကျော်ကနေ လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံတွင်း တစ်နေရာမှာတော့ ကူးစက်မှု အရေအတွက် ပြန်ပြီးတော့ မြင့်လာခဲ့ပါတယ်။
Kitakyushu မြို့ဝန် Kitahashi Kenji က “ကျွန်တော်တို့မြို့ဟာ ဒုတိယလှိုင်းရဲ့ အလယ်မှာ ကျရောက် နေပါတယ်၊ ကူးစက်ခံခဲ့ရသူတွေနဲ့ အနီးကပ်အဆက်အသွယ်ရှိတဲ့ သူတိုင်းကို PCR စစ်ဆေးမှုလုပ်ဖို့ တိုက်တွန်းပြီး ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
လူဦးရေ ၁ သန်းနီးပါးရှိတဲ့ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ အဲဒီ Kitakyushu မှာ လွန်ခဲ့တဲ့ ၆ ရက်အတွင်း ကူးစက်ခံရမှု ၄၃ မှု ရှိတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ကျောင်းသားတစ်ယောက် ကူးစက်ခံရတာကို စမ်းသပ် အတည်ပြုနိုင်ခဲ့တဲ့ မြို့ပေါ်က အလယ်တန်း ကျောင်းတစ်ကျောင်းကို ပိုးသတ်ဖို့အတွက် ပိတ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ သောကြာနေ့ မနက်အချိန်အထိ စမ်းသပ်မှု လုပ်ပြီးတဲ့ နောက် ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်ခဲ့သူ ၁၆၇၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၈၀ ဝန်းကျင်လောက်ရှိပါတယ်။
Source – The Asahi Shimbum