ကူးစက်မှုတိုးလာတာကြောင့် တိုကျိုမှာ ညဘက် အပန်းဖြေ ဧရိယာတွေကို အာရုံစိုက် ကြပ်မတ်မယ်

တိုကျိုမြို့အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ နောက်ထပ် ၄၇ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သီတင်း ၆ပတ်အတွင်း တိုကျိုမှာ ကူးစက်မှုအသစ် အရေအတွက် ၄၀ကျော်တာ ပထမဦးဆုံးဖြစ်ပါတယ်။
အဲဒီထဲက ၃၂ဦးဟာ ညဘက် အပန်းဖြေတဲ့ နေရာတွေကနေ ကူးစက်မှုကို ခြေရာခံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမြို့ အုပ်ချုပ်ရေးမှူး Koike Yuriko ဟာ Shinjuku မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဗဟိုအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ကိုင်တွယ်ရေး တာဝန်ခံဝန်ကြီး Nishimura Yasutoshi တို့နဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံခဲ့ပါတယ်။
ညဘက် အပန်းဖြေဧရိယာတွေမှာ ကူးစက်မှုတွေကို တားဆီးရေး အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားဖို့ သူတို့က အတည်ပြုခဲ့ပါတယ်။
ကူးစက်မှုတားဆီးရေး လမ်းညွှန်ချက်တွေကို ကျင့်သုံးမှု သေချာစေဖို့ အထူးပြုထားတဲ့အချက်တွေကို ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ ဆေးစစ်မှု ခံယူစေဖို့ ဘားဆိုင်နဲ့ နိုက်ကလပ်တွေကို တိုက်တွန်းသွားမှာလည်း ဖြစ်ပါတယ်။
အခုလို ကူးစက်မှု တိုးလာတာကြောင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ရေး နောက်တစ်ဆင့်ကို ဆက်သွားမယ့် အစိုးရရဲ့ အစီအစဉ်ဟာ လမ်းကြောင်းပြောင်းလဲမှာမဟုတ်ဘူးလို့ ဝန်ကြီး နီရှိမူရာက သတင်းထောက်တွေကို ပြောပါတယ်။ အဲဒီ အစီအစဉ်ကို သောကြာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ SOURCE – NHK