တိုကျိုမှာ နိုင်ငံခြားသားတွေကို အကူအညီပေးရေး စင်တာ ဖွင့်လှစ်

July 7, 2020 at 5:16 PM

ဂျပန်အစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို အကူအညီပေးဖို့အတွက် တစ်နေရာတည်းမှာပဲ ဆွေးနွေးတိုင်ပင်မှုတွေ ရယူနိုင်တဲ့ စင်တာတစ်ခုကို တနင်္လာနေ့က တိုကျိုမှာ ဖွင့်လှစ်ခဲ့ပါတယ်။

နိုင်ငံခြားသား နေထိုင်သူတွေကို ကူညီထောက်ပံ့ရေးစင်တာ (Foreign Residents Support Center) FRESC ဟာ ရှင်းဂျူကု မြို့နယ်၊ ယော်ဆုယ (Yotsuya) ရပ်ကွက်မှာ တည်ရှိပါတယ်။ အဲဒီစင်တာမှာ လူဝင်မှုကြီးကြပ်ရေး အေဂျင်စီ နဲ့ ဂျပန့် တရားဥပဒေဆိုင်ရာ အကူအညီပေးရေးစင်တာ အပါအဝင် အစိုးရ နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်း ၈ခုရဲ့ ရုံးခန်းတွေကို တစ်နေရာတည်း စုပေါင်းဖွင့်လှစ်ထားပါတယ်။
စင်တာမှာ ဂျပန်ဘာသာ နဲ့ အင်္ဂလိပ်ဘာသာ အပါအဝင် ဘာသာစကား ၁၁မျိုးနဲ့ ဧည့်ကြိုဝန်ထမ်းတွေက ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
ဆွေးနွေးတိုင်ပင်နိုင်တဲ့ ဝန်ဆောင်မှုတွေထဲမှာ နိုင်ငံခြားသား နေထိုင်သူ တွေအတွက် ဥပဒေဆိုင်ရာ အကြံပေးတဲ့ ဝန်ဆောင်မှုလည်း ပါဝင်မှာဖြစ်ပါတယ်။
နိုင်ငံခြားသား အလုပ်သမားတွေ နဲ့ နိုင်ငံခြားသား ကျောင်းသားတွေ အလုပ်ရရှိနိုင်မယ့် အခွင့်အရေးတွေပိုမို များပြားလာအောင် ရည်ရွယ်ပြီး မြို့နယ် နဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ ကုမ္ပဏီတွေကို ဒီစင်တာက သတင်း အချက်အလက် တွေ ပေးသွားမှာဖြစ်ပါတယ်။
ဒီစင်တာမှာ ကိုရိုနာဗိုင်းရပ်စ် နဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတွေ အပါအဝင် ဂျပန်မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို တုံ့ပြန် ဆောင်ရွက်ပေးသွားမယ်လို့ တရားရေးဝန်ကြီး မိုရီ မာစာ့ကို (Mori Masako) က ပြောခဲ့ပါတယ်။

SOURCE – Japan Today