ပြန်ဖွင့်လှစ်ရေး လုပ်ငန်းစဉ် အဆင့်၂ကို တိုးမြှင့် ခဲ့တဲ့ Tokyo

June 2, 2020 at 3:22 PM

နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်အရေအတွက်ဟာ အမြင့်ဆုံး အခြေအနေကနေ ကျဆင်းလာနေတာကြောင့် တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က စီးပွားရေးလုပ်ငန်းတွေအပေါ် ကန့်သတ် တားမြစ်မှုတွေကို နောက်ထပ် ဖြေလျှော့ပေးခဲ့ပါတယ်။

Tokyo မှာ ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ် အဆင့်၂ကိုဇွန်လ ၁ရက် နေ့က စတင်ခဲ့ပါတယ်။ ဒီအဆင့်မှာ ကျူရှင်တွေ၊ ဇာတ်ရုံတွေ၊ အားကစားရုံ တွေ နဲ့ ကုန်တိုက်တွေအပါအဝင် လက်လီ အရောင်းဆိုင်တွေ ဖွင့်ခွင့်ရမှာ ဖြစ်ပါတယ်။
မေလ ၃၁ ရက်နေ့က Tokyo မှာ ရောဂါပိုးကူးစက်ခံရမှုအသစ် ၅ ဦး အတည်ပြုခဲ့ပါတယ်။ ဒါဟာ ၆ရက်အတွင်း ရောဂါကူးစက်ခံရမှု အသစ် ဆယ်ဂဏန်း အောက်ရောက်ခဲ့တာ ပထမဆုံးပဲ ဖြစ်ပါတယ်။
Tokyo အုပ်ချုပ်ရေးအဖွဲ့က ရောဂါပိုး ကူးစက်ပြန့်ပွားမှု အတိုင်းအတာကို တွက်ချက်ပြီး ကန့်သတ်တားမြစ်မှုတွေကို သီတင်းပတ်၂ပတ်ခြားပြီး အဆင့်လိုက် ဖြေလျှော့သွားဖို့ စီစဉ်ထားပါတယ်။ ရောဂါပိုးကူးစက်ခံရမှုအရေအတွက် ဆက်ပြီး ကျဆင်းနေမယ်ဆိုရင် စီစဉ်ထားတာထက်စောပြီး နောက်တစ်ဆင့်ကို သွားနိုင်ဖွယ်ရှိပါတယ်။
ရောဂါပိုးကူးစက်ပြန့်ပွားမှုတွေ ပြန်များလာမယ်ဆိုရင်တော့ “ Tokyo alert” လို့ခေါ်တဲ့ ပြည်သူတွေ အနေနဲ့ သတိဝီရိယရှိရှိနဲ့ ဂရုပြုနေထိုင်သွားဖို့ တိုက်တွန်းတဲ့ သတိပေးချက်ကို ထုတ်ပြန်သွားဖို့လည်း အရာရှိတွေက စီစဉ်နေပါတယ်။
ကာရာအိုကေခန်းမတွေ နဲ့ ဘားတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့် အဆင့်၃ကို သွားဖို့ မဆုံးဖြတ်ခင် သူတို့တွေက အခြေအနေတွေကို အသေးစိတ် စောင့်ကြည့်နေပါတယ်။
SOURCE – Japan Times