ဂျပန်မှာ ကျောင်းသွားဖို့ ငြင်းဆန်တဲ့ ကလေးငယ်တွေ များလာရတဲ့အကြောင်းအရင်း

April 23, 2020 at 9:38 PM

ဂျပန်မှာတော့ စာသင်ကျောင်းသွားဖို့ ငြင်းဆန်တဲ့ ကလေးငယ်အရေအတွက်ဟာ များပြားလျက် ရှိပါတယ်။ ဒီလိုအခြေအနေရှိတဲ့ ကလေးငယ်တွေကို “futoko” လို့ ခေါ်ပါတယ်။ ခုလို ကျောင်းမသွားချင်ဘူးလို့ ငြင်းဆန်တဲ့ ကလေးအရေအတွက် ဆက်တိုက် များလာတာနဲ့အမျှ စာသင်ကျောင်း စနစ်ကြောင့်လား ဒါမှမဟုတ် ကျောင်းသားတွေကိုယ်တိုင်မှာ ကြုံနေရတဲ့ ပြဿနာတွေကြောင့်လား ဆိုပြီး ကျောင်းသားမိဘတွေဟာ မေးခွန်း ထုတ်လာကြပါတယ်။
အသက် ဆယ်နှစ်သားအရွယ် ဂျပန်ကလေးငယ်လေး Yuta Ito ဆိုရင် သူ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး သူ့မိဘတွေကို ရင်ဖွင့်ဖို့ နွေဦးကာလ Golden Week အားလပ်ရက်ကာလ ရောက်တဲ့ အထိ စောင့်နေခဲ့ရရှာတယ်။ အဲဒီနေ့မှာပဲ သူဟာ ကျောင်းမသွားချင်တော့ပါဘူးဆိုပြီး မိဘတွေဆီမှာ ဝန်ခံခဲ့ပါတယ်။
သူဟာ လပေါင်းများစွာကြာတဲ့တိုင်အောင် သူတက်ခဲ့ရတဲ့ မူလတန်းကျောင်းကို မတက်ချင်ဘဲနဲ့ တက်နေခဲ့ရတာဖြစ်ပြီး တခါတရံ ကျောင်းမသွားချင်ဘူးလို့ လုံးဝ ငြင်းဆန်ခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ တကယ်တော့ သူဟာ အတန်းထဲမှာ မကြာခဏ အနိုင်ကျင့်ခံခဲ့ရပြီး သူ့အတန်းဖော်တွေနဲ့ အမြဲလိုလို ရန်ဖြစ်ခဲ့ပါတယ်။
အဲဒီလိုနဲ့ သူ့မိဘတွေမှာ ရွေးချယ်စရာ နည်းလမ်း သုံးသွယ် ရှိလာခဲ့ပါတယ်။ ကျောင်းမှာ နောက်တော့ အဆင်ပြေလာမှာပါ ဆိုပြီး တိုက်တွန်းနားချကာ Yuta လေးကို ကျောင်းပြန်တက်ခိုင်းမလား၊ ဒါမှမဟုတ် home-school ပဲ ထားမလား၊ ဒီလိုမှမဟုတ်ရင်လည်း free school တစ်ခုကိုပဲ ပို့မလား လို့ သူတို့ စဉ်စားခဲ့ကြရပါတယ်။ သူတို့ နောက်ဆုံး နည်းလမ်းကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ဒီလိုနဲ့ ခုချိန်မှာတော့ Yuta လေးဟာ သူ့ရဲ့ စာသင်ကျောင်း နေ့ရက်တွေကို သူလုပ်ချင်တာတွေကို လုပ်ရင်း တက်နေနိုင်ပြီ ဖြစ်သလိုအရင်ကထက် ကျောင်းတက်ရတာ ပျော်လာပုံ ရပါတယ်။ တကယ်တော့ Yuta လေးဟာ futoko တွေအများကြီးအနက်ကမှ တစ်ဦး ဖြစ်ပါတယ်။ ငွေကြေး ဒါမှမဟုတ် ကျန်းမာရေး အခြေအနေနဲ့ မသက်ဆိုင်တဲ့ အခြား အကြောင်းရင်းတစ်ခုခုအတွက် ရက်ပေါင်း ၃၀ ကျော်ကြာ ကျောင်းမလာတဲ့ ကလေးငယ်တွေကို ရည်ညွန်းပြီး ဂျပန်ပညာရေးဝန်ကြီးဌာနက ဒီအသုံးအနှုန်းကို အဓိပ္ပါယ် ဖွင့်ပါတယ်။
ဒီ အသုံးအနှုန်းကိုတော့ ကျောင်းပျက်ခြင်း၊ စာသင်ကျောင်း ကြောက်ခြင်း လို့လည်း ပြန်ဆိုနိုင်ပါတယ်။

တိုကျိုမြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်များ ငလျင်ဖြစ်ပွားသည့်အခါ ကြိုတင် ကာကွယ်ရန် လေ့ကျင့် နေကြစဉ်။

၂၀၁၉ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ ကြေညာချက်အရ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေအကြား ပျက်ကွက်သူ ဦးရေဟာ စံချိန်တင် မြင့်တက်ခဲ့ပြီး ရက် ၃၀ ကြာ ကျောင်းပျက်သူဦးရေဟာ ၂၀၁၇ ခုနှစ်က ၁၄၄,၀၃၁ ဦးကေန ၂၀၁၈ မွာ ၁၆၄,၅၂၈ ဦးကို တက်လာခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံအတွင်း futoko အရေအတွက် တိုးလာတာကို တန်ပြန်ဖို့အတွက် ၁၉၈၀ မှာ ဂျပန်နိုင်ငံက free school movement ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကတော့ လွတ်လပ်မှု နဲ့ လူတစ်ဦးချင်းစီရဲ့ ပင်ဂိုစရိုက် ဆိုင်ရာ စည်းမျဉ်းတွေ အပေါ်အခြေခံ လည်ပတ်တဲ့ အခြားရွေးချယ်စရာ စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။
ဒါတွေကတော့ မသင်မနေရ ပညာရေးစနစ်ရဲ့ နေရာမှာ အစားထိုးရွေးချယ်နိုင်တဲ့ အခြားနည်းလမ်းတစ်ခုလို့ လက်ခံထားပေမယ့် ကလေးငယ်တွေကိုတော့ အသိအမှတ်ပြု ပညာအရည်အချင်းတွေကိုတော့ မပေးပါဘူး။နောက်ပိုင်း ဒီ free schools တွေ ၊ alternative schools တွေမှာ တက်တဲ့ ကျောင်းသားဦးရေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး ၁၉၉၂ ခုနှစ်က ကျောင်းသားဦးရေ ၇,၄၂၄ ဦးကေန ၂၀၁၇ မွာ ၂၀,၃၄၆ ဦးအထိ ရှိလာခဲ့ပါတယ်။
ကျောင်းကနေ လုံ့ဝ ထွက်ခြင်းကတော့ ရေရှည် အကျိုးဆက်တွေ ရှိပြီး ဒါက လူငယ်တွေကို လူ့အဖွဲ့အစည်းထဲကနေ လုံးဝ ထွက်ခွာသွားစေနိုင်တဲ့ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။နောက်ထပ် စိုးရိမ်စရာတစ်ခုကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့ ကျောင်းသားဦးရေ မြင့်တက်လာခြင်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စာသင်ကျောင်းနေ ကျောင်းသားတွေရဲ့ သေကြောင်းကြံမှု အရေအတွက်ဟာ နှစ် ၃၀ အတွင်း အမြင့်ဆုံး တက်လာခဲ့သလို ဖြစ်စဉ် ၃၃၂ ခုအထိ ရှိခဲ့ပါတယ်။

ဂျပန် နိုင်ငံတွင် သူငယ်တန်းအရွယ် ကလေးငယ်အများစု က လူကြီးမိဘအကူအညီ မပါပဲ ကိုယ်ပိုင်အစီအစဉ်နဲ့ ကျောင်းတက်ကြရပါတယ်။

၂၀၁၆ မှာတော့ ကျောင်းသားတွေ သေကြောင်းကြံမှု မြင့်တက်လာနေခြင်းကြောင့် အစိုးရအနေနဲ့ အရေးပေါ် ကာကွယ်တားဆီးရေး အစီအစဉ်တွေ ချမှတ်ခဲ့ရပါတယ်။ဒီလိုဆိုရင် ဂျပန်မှာ စာသင်ကျောင်းတွေကို ရှောင်တဲ့ ကလေးဦးရေ များလာတာ ဘာကြောင့်လဲ။မိသားစုတွင်း အခြေအနေအကြောင်းအချက်တွေ၊ သူငယ်ချင်းတွေနဲ့အကြား ပုဂ္ဂိုလ်ရေး ကိစ္စတွေနဲ့ အနိုင်ကျင့်ခံရမှုတွက အဓိက အကြောင်းရင်းတွေဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန စစ်တမ်းတစ်ခုက ပြောပါတယ်။
ယေဘုယျအားဖြင့် ကျောင်းထွက်လာသူတွေရဲ့ အဆိုအရ သူတို့ဟာ အခြား ကျောင်းသားတွေနဲ့ အကြား အဆင်မပြေမှုတွေ၊ တခါတရံ ဆရာတွေနဲ့အကြား အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။“လူအတော်များများနဲ့ အဆင်မပြေသလို သမီး ခံစားခဲ့ရတယ်၊ စာသင်ကျောင်း ဘဝက တကယ့် နာကျင်စရာပါပဲ” လို့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် Tomoe က ပြောပါတယ်။
နောက်ပြီး ဂျပန် စာသင်ကျောင်းတွေကို အုပ်ချုပ်နေတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာနိုင်ဖို့ကလည်း သူမအတွက် အင်မတန် ခက်ခဲခဲ့တယ်လို့ Tomoe က ပြောသွားပါတယ်။နောက်တစ်ချက်က ဂျပန်က ကျောင်းအများအပြားဟာ ကျောင်းသားတပည့်တွေရဲ့ အပြင်ပန်းသွင်ပြင်ပုံပန်းရဲ့ ကဏ္ဍတိုင်းကို ထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။တပည့်တွေကို ဆံပင်အညိုရောင်ကနေ အနက်ဆိုး ခိုင်းတာ၊ အသားကပ် ဘောင်းဘီ၊ ကုတ် ဝတ်ခွင့်မပေးတာတို့ ရှိပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ဆိုရင် ကျောင်းသား၊ သူတွေရဲ့ အတွင်းခံရဲ့ အရောင်ကိုတော့ ဆုံးဖြတ်ညွန်ကြားတာမျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းတွေမှာ အကြမ်းဖက်တာ၊ အနိုင်ကျင့်တာ တွေကို တုန့်ပြန်နိုင်ဖို့အတွက် ဒီလိုတင်းကျပ်တဲ့ စာသင်ကျောင်း စည်းမျဉ်းတွေကို ၁၉၇၀ ၊ ၁၉၈၀ မှာ မိတ်ဆက်ခဲ့တာပါ။ ယင်းနောက် ဒီစည်းမျဉ်းတွေကို ၁၉၉၀ မှာ ဖြေ လျှော့ခဲ့ပေမယ့် အဲဒီနောက်ပိုင်း မကြာသေးခင်က ပြန်လည် ပြင်းထန်တင်းကျပ်လာခဲ့တာဖြစ်ပါတယ်။
ခုကေတာ့ Yuta လိုပဲ Tomoe ဟာလည်း တိုကျိုက Tamagawa free school မှာ တက်နေပါတယ်။ အဲဒီမှာတော့ ကျောင်းသား၊ သူတွေအနေနဲ့ တူညီဝတ်စုံ ဝတ်စရာမလိုတော့ပါဘူး။ နောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်လုပ် ဆောင်ချက်တွေကိုလည်း လွတ်လပ်စွာ ရွေးခွင့် ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျောင်း အာဏာပိုင်တွေ၊ မိဘတွေ၊ ကလေးတွေ အကြား သဘောတူညီချက် ရယူထားတာဖြစ်ပါတယ်။ အဲဒီကျောင်းက ကျောင်းသူ၊ သားတွေ ကိုတော့ သူတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဝါသနာ ၊အရည်အချင်းတွေအတိုင်းသာ လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံက စာသင်ကျောင်းတစ်ကျောင်းရဲ့ နေ့လည်စာ စားချိန်

ယင်း free school ရဲ့ အနေအထားက မိသားစုကြီးတစ်ခုလိုပဲ ဖြစ်ပါတယ်။“ ဒီ ကျောင်းရဲ့ ရည်ရွယ်ချက်က လူတွေရဲ လူမှု ဆက်ဆံရေး အရည်အချင်းတွေကို ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်” လို့ ကျောင်းအုပ် Takashi Yoshikawa က ပြောသွားပါတယ်။သူ့ရဲ့ ကျောင်းဟာ သိပ်မကြာခင်က ပိုမို ကျယ်တဲ့ နေရာတစ်ခုကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ခုဆို ကျောင်းသား ၁၀ ယောက်လောက် နေ့စဉ် ပုံမှန် တက်နေပါတယ်။Mr Yoshikawa ဟာ ၂၀၁၀ လောက်ကမှ သူ့ရဲ့ ပထမဆုံး free school ကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ ကျောင်းသားအများစု ကျောင်းသွားဖို့ ငြင်းဆန်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူမှု ဆက်ဆံရေး ပြဿနာတွေဖြစ်တယ်လို့ Mr Yoshikawa က ယုံကြည်နေလျက် ရှိပါတယ်။

SOURCE – BBC