ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဂျပန်နိုင်ငံမှ အဘိုးအို Watanabe အသက်(၁၁၂)နှစ်တွင် ကွယ်လွန်။

February 27, 2020 at 6:26 PM

ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သူ အသက် (၁၁၂) နှစ်ရှိပြီဖြစ်သော Chitetsu Watanabe ဟာ ဖေဖော်ဝါရီလ(၂၃)ရက် တနင်္ဂနွေနေ့တွင်ကွယ်လွန်သေဆုံးသွားပြီဖြစ်ကြောင်း Niigata မြို့ရှိ အစိုးရတာဝန်ရှိသူများက ဖေဖော်ဝါရီလ (၂၅)ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

၁၉၀၇ ခုနှစ် မတ်လ (၅)ရက်နေ့မှာ မွေးဖွားခဲတဲ့ Watanabe ဟာ Niigata ခရိုင်ရှိ ဘိုးဘွားရိပ်သာတွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်ပြီ ဖေဖော်ဝါရီလ(၂၃)ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးရသည့် အကြောင်းအရင်းကတော့ မသိရသေးပေမဲ့ မသေဆုံးမီရက်အနည်းငယ်တွင် အစားကောင်းကောင်း မစားနိုင်တော့တဲ့အပြင် အဖျားအနည်းငယ်ရှိပြီးအသက်ရှူရာတွင်လည်း အခက်အခဲရှိခဲ့ကြောင်း Mainichi သတင်းစာမှာဖော်ပြခဲ့ပါတယ်။

Source : edition.cnn

Watanabe ဟာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်တွင် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်းမှ တရားဝင် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဂင်းနစ်မှတ်တမ်းတွင် ရေးသားထားချက်များအရ Watanabe ဟာ Niigata မြို့၌ ၁၉၀၇ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ(၈)ယောက်တွင် အကြီးဆုံးဖြစ်ပါတယ်။ Watanabe ဟာ စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရပြီးတဲ့နောက် ကြံခင်းစိုက်ပျိုးရေးလုပ်ငန်းဖြင့် အလုပ်လုပ်ကိုင်ရန်အတွက် ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ထိုင်ဝမ်တွင် ဇနီးဖြစ်သူ နှင့်တွေ့ဆုံကာ အိမ်ထောင်ကျခဲ့ပါတယ်။

Watanabe ဟာ ထိုင်ဝမ် တွင် (၁၈)နှစ်ခန့် နေထိုင်ခဲ့ပြီး ဂျပန်နိုင်ငံသို့ ပြန်လာကာ Niigata မြို့ရှိ စိုက်ပျိုးရေးရုံးတွင် ဝန်ထမ်းတစ်ဦးအနေနှင့် အငြိမ်းစားမယူခင်အထိ လုပ်ကိုင်ခဲ့ပါတယ်။ အငြိမ်းစားယူပြီးနောက် အသက်(၁၀၄)နှစ် မတိုင်မီအချိန်အထိ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ဘွန်ဇိုင်းသစ်ပင်လေးများ အစရှိသဖြင့် တစ်ပိုင်တစ်နိုင်ပျိုးဥယျာဉ် စိုက်ပျိုးခြင်းကိုလုပ်ကိုင်ခဲ့ပါတယ်။

Watanabe မှ ဒေါသစိတ်မထားခြင်းနှင့် အမြဲတမ်းပြုံးနေခြင်းဟာ ယခုကဲ့သို့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ခြင်း၏လျှို့ဝှက်ချက်တစ်ခုဖြစ်ကြောင်း ၂၀၁၉ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံပိုင်သတင်းစာ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါတယ်။