ဂျပန်လူငယ်များ မြို့ကြီးများနှင့် ဝေးရာတွင် အလုပ်ရှာဖွေ

May 17, 2020 at 6:27 PM

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတာ ကြောင့် မြို့ကြီးတွေက ငယ်ရွယ်တဲ့ အလုပ်လုပ်သူတွေဟာ မြို့ပြ ဧရိယာတွေကနေ ဝေးတဲ့ နေရာတွေမှာ အလုပ်လုပ်ဖို့ ရည်မှန်းထားတဲ့သူတွေ များပြားလာနေတယ်လို့ အလုပ်အကိုင် သတင်းအချက်အလက်ဆိုင်ရာ ဂျပန်ကုမ္ပဏီတစ်ခုက ပြောပါတယ်။
အလုပ်အကိုင်သစ်တွေကို ရှာဖွေနေတဲ့ အသက် ၂၀ တန်း အရွယ် အလုပ်သမားတွေကို Gakujo Companyက စစ်တမ်း ကောက်ယူခဲ့ရာမှာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက သူတို့အပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေခဲ့သလဲဆိုတာ မေးခဲ့ပါတယ်။ အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ အဲဒီစစ်တမ်းကို ဧပြီလ ၂၄ ရက် နေ့ကနေ မေလ ၁ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး လူ ၃၆၀ လောက်က ဖြေကြားခဲ့ပါတယ်။
အဲဒီလို ဖြေကြားသူတွေရဲ့ ၃၆ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ အလုပ် လုပ်ချင်တယ်လို့ ဆိုပါတယ်။ အဲဒါဟာ ဖေဖော်ဝါရီလတုန်းက ကောက်ယူခဲ့တဲ့ စစ်တမ်းထက် ၁၄ ရာခိုင်နှုန်းလောက် ပိုများလာခဲ့ပါ တယ်။ ဘာကြောင့်လဲလို့ မေးတဲ့အခါ တချို့က အိမ်မှာနေရင်း အလုပ်လုပ်လို့ ရတယ်ဆိုတာကို သိလာတဲ့အတွက် ဘယ်နေရာကပဲ ဖြစ်ဖြစ် သူတို့ အလုပ်လုပ်နိုင်တာ မို့လို့ လို့ဖြေခဲ့ကြပါတယ်။
မြို့ပြဧရိယာတွေမှာ အလုပ်လုပ်ရတာဟာ အန္တရာယ် များလွန်းတယ်လို့ ခံစားရကြောင်း တခြားသူတွေက ဆိုကြ ပြန်ပါတယ်။ တချို့ကတော့ ဇာတိမြို့ကို ပြန်ချင် ကြလို့ လို့ ပြောပါတယ်။
ကူးစက် ပြန့်ပွားမှုတွေကို တားဆီးနိုင်ဖို့ ခရိုင်တစ်ခုကနေ တစ်ခုကို ဖြတ်ကျော် မသွားဖို့ မေတ္တာရပ်ခံချက် လုပ်ထားတာကို ဖယ်ရှားခဲ့ပြီးတဲ့နောက် နယ်ဘက်တွေမှာ သွားပြီးအလုပ်လုပ်ချင်တယ်လို့ပြောတဲ့ လူငယ် လူရွယ်တွေ ပိုများလာတယ်လို့ ကုမ္ပဏီအရာရှိတွေက ပြောပါတယ်။ SOURCE – NHK