လယ်ယာနဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍများကို ပြောင်းလဲပေးလိုက်တဲ့ Covid-19 ရောဂါ

May 2, 2020 at 9:51 AM

ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားအလုပ်သင်များ ဝင်ရောက်လုပ်ကိုင်မှုကို Corona Virus ကပ်ရောဂါက အဟန့်အတားဖြစ်စေခဲ့ပြီး ဂျပန်နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်သမားရှားပါးမှု ဖြစ်ပေါ်စေခဲ့တဲ့အပြင် လက်ရှိအရေးပေါ်ကြေညာချက်ထုတ်ပြန်ထားတဲ့အချိန်အတွင်း လယ်သမားများက ခရီးသွား လုပ်ငန်းတွေမှာ အလုပ်သမားများအဖြစ် ပြောင်းလဲ လုပ်ကိုင်လာခဲ့ကြပါတယ်။
Corona Virus ကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ရန် ဂျပန်နိုင်ငံက နိုင်ငံ ၇၀ ကျော်မှ နိုင်ငံခြားသားများအား နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်သွားမယ်လို့ ဧပြီလ မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကျေးရွာ က ဂေါ်ဖီထုပ် တောင်သူ ၂၅၀ ခန့်က ဧပြီလ နှောင်းပိုင်းမှ စပြီး နုနယ်တဲ့ ဂေါ်ဖီထုပ်များကို စိုက်ပျိုးရန်နှင့် နွေဦးတွင် ရိတ်သိမ်းနိုင်ဖို့ နိုင်ငံခြားအလုပ်သင် ၃၂၀ ခန့်ကို ငှားရမ်း လုပ်ကိုင်သွားရန် စီစဉ်ခဲ့ပြီး ဖြစ်တယ်လို့ Tokyo မြို့အနောက်မြောက်ဘက် Gunma စီရင်စုရှိ Tsumagoi ဂေါ်ဖီထုပ်အရောင်းမြှင့်တင်ရေးလုပ်ငန်း သမဝါယမအသင်း အမှုဆောင်ညွှန်ကြားရေးမှုး Motoyoshi Hashizume က ပြောပါတယ်။

၁၉၉၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို နည်းပညာနဲ့ဗဟုသုတ ဝေမျှပေးတဲ့ အစီအစဉ်အရ စိုက်ပျိုးရေး၊ငါးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍများမှာ နိုင်ငံခြားသား သင်တန်းသားတွေကို ဂျပန်က လက်ခံ ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံခြားအလုပ်သင်ခန့်အပ်တဲ့အစီအစဉ်က ကုမ္ပဏီတွေကို ဈေးပေါပေါနဲ့ အလုပ်သမား ခန့်အပ်ဖို့ အထောက်အကူဖြစ်လာနိုင်တယ်လို့ တစ်ချို့ဝေဖန်ရေးသမားတွေက စိုးရိမ်ခဲ့ကြပါတယ်။
၂၀၁၈ခုနှစ် အကုန်မှာတော့ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားသင်တန်းသား ၃၃၀,၀၀၀ ခန့်ရှိလာခဲ့တယ်လို့ နိုင်ငံတကာ နည်းပညာလေ့ကျင့်ရေးသင်တန်းအဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ခံချက်အရသိရပါတယ်။
ဂျပန်နိုင်ငံရဲ့ အဓိက ဂေါ်ဖီထုပ် ထုတ်လုပ်ရေး နေရာတစ်ခုဖြစ်တဲ့ Tsumagoi ဂေါ်ဖီထုပ်အရောင်းမြှင့်တင်ရေးလုပ်ငန်း သမဝါယမအသင်း ကိစ္စမှာ ဆိုရင် တရုတ်ပြည်၊အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံက အလုပ်သမား ၂၂၀ ခန့် ဂျပန်နိုင်ငံအတွင်း ဝင်ခွင့် မရရှိတဲ့ အခြေအနေ နဲ့ ကြုံတွေ့နေရပါတယ်။

ကျေးရွာ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ရေပူစမ်း အပန်းဖြေစခန်း ဟိုတယ်တွေလည်း Tokyo နဲ့ အခြား လူစည်ကားတဲ့ စီရင်စု တွေမှာ ဝန်ကြီးချုပ် Shinzo Abe ရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့မှုကြောင့် ကြိုတင်အခန်းငှားရမ်းထားတာတွေ ရုတ်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
Tsumagoi သမဝါယမအသင်းအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းက တော့ ခရီးသွားလုပ်ငန်းက လူတွေကို လယ်သမားတွေ ကို ကူဖို့ အလုပ်ခေါ်ခန့်တာပဲဖြစ်ပါတယ်။ လက်ရှိမှာ ဟိုတယ် ဝန်ထမ်း အလုပ်သမား အယောက် ၂၀ ဝန်းကျင် လယ်ယာလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အင်တာဗျူးဖြေထားတယ်လို့ လည်း Motoyoshi Hashizume က ပြောပါတယ်။
အလားတူ အနီးအနားမှာရှိတဲ့ Nagano စီရင်စု က Karuizawa ခရီးသွားလုပ်ငန်းရဲ့ နာမည်ကြီး အပန်းဖြေ စခန်း တစ်ခုကလည်း ဧည့်သည်လာရောက်မှု သိသိသာသာ ကျဆင်းခြင်းနဲ့ ရုန်းကန်နေရပါတယ်။ အပန်းဖြေစခန်းက ဝန်ထမ်းအလုပ်သမားတွေကို ဆလတ်ရွက် စိုက်ပျိုးရေးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဒေသခံ စိုက်ပျိုးရေး သမဝါယမအသင်းတစ်ခုက ဆက်သွယ်ကမ်းလှမ်းထားတယ်လို့သိရပါတယ်။
SOURCE – kyodonews