စီးပွားရေးကိစ္စ နဲ့ လာရောက်မည့် ခရီးသွားဧည့်သည်တွေကို ကြိုတင်စာရင်းပေးပြီး ရောဂါပိုး စစ်ဆေးမှု ခံယူနိုင်ဖို့ စီစဉ်နေတဲ့ ဂျပန်

July 29, 2020 at 11:43 AM

စီးပွားရေးသမားတွေအတွက် နိုင်ငံခြားကို မသွားခင်မှာ ကြိုတင်စာရင်းပေးပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေ ခံယူနိုင်ဖို့ စနစ်တစ်ခုကို ဂျပန်အစိုးရက စီစဉ်နေပါတယ်။ ဂျပန်နိုင်ငံဟာ အဓိကအားဖြင့် အာရှရဲ့ တခြားဒေသတွေကို ရည်ရွယ်တဲ့ နိုင်ငံရပ်ခြား စီးပွားရေး ခရီးစဉ်တွေကို အားပေးလှုံ့ဆော်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ ခရီးသွားလာသူတွေကို ပြည်ဝင်ခွင့်ပေးဖို့ ဂျပန်အစိုးရဟာ နိုင်ငံနဲ့ နယ်မြေ ၁၆ခုနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ အဲဒီထဲမှာ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ နိုင်ငံနဲ့ နယ်မြေ အတော်များများက ပြည်တွင်းကို ဝင်ရောက်လာသူတွေကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သီးခြားခွဲနေစေတာထက် ရောဂါပိုးကူးစက်မှုမရှိကြောင်း PCR စစ်ဆေးမှု ရလဒ် ထောက်ခံစာတွေကို တောင်းခံနေကြပါတယ်။
အခုလို ကြိုတင်စာရင်းပေး စစ်ဆေးမှုခံယူတဲ့ စနစ်ကို စက်တင်ဘာလ အနှောင်းပိုင်းမှာ စတင်ဖို့ ဂျပန်အစိုးရက ရည်မှန်းထားပါတယ်။ စီးပွားရေးသမားတွေအနေနဲ့ အနီးအနားက ဆေးရုံတွေမှာ PCR စစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန် ခံယူနိုင်ဖို့ လိုအပ်ပါတယ်။
အခုအချိန်မှာ နိုင်ငံခြားကို စီးပွားရေးကိစ္စနဲ့ မသွားခင် စစ်ဆေးပေးနိုင်တဲ့ အရေအတွက်ဟာ ရာဂဏန်းအနည်းငယ်လောက်ပဲ ရှိသေးတယ်လို့ ဂျပန် စီးပွားရေးနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီ စနစ်မှာ ဆေးကုသရေးဌာန တတ်နိုင်သမျှ အများဆုံး မှတ်ပုံတင်ကြဖို့ ရှိပါတယ်။
စစ်ဆေးရေးဌာနတွေကို လေဆိပ်တွေမှာလည်း ဖွင့်လှစ်သွားဖို့ ရှိပါတယ်။