ဂျပန်မှာ အလုပ်လျှောက်ကြတဲ့အခါ

February 22, 2020 at 2:02 PM

သင်လျှောက်ထားတဲ့အလုပ်ကနေအလုပ်အင်တာဗျူးအတွက် မေးလ်ကို လက်ခံရရှိတဲ့အချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ သင်ဘာဆက်လုပ်မလဲ။ ကိုယ်ရည်မှန်းရာ အလုပ်ကို ရနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်သင့်တဲ့အချက်ကို စုဆောင်းသင့်ပါပြီ။ ဂျပန်ကုမ္ပဏီမှ မဟုတ်ပဲ အခြားသောအင်တာဗျူးတွေမှာလည်း အသုံးဝင်တဲ့အချက်များလည်း ဖြစ်သလို အများသိပြီးအချက်များလည်း ဖြစ်နိုင်ပါတယ်။ ဒီအချက်အလက်တွေကတော့ ဘယ်ကုမ္ပဏီအင်တာဗျူးမှာမဆို လိုက်နာရမယ့် အခြေခံအချက်တွေပါပဲ

(၁) အချိန်နောက်မကျပါစေနဲ့
ဂျပန်လူမျိုးတွေက အချိန်နဲ့ ပက်သက်ပြီး တိကျတယ်ဆိုတာကို ရင်းနှီးနေကြမှာအမှန်ပဲ။ အချိန်တိကျမှုက ဂျပန်မှာအရာရာဖြစ်ပြီးတော့ အင်တာဗျူးအတွက် အချိန်နောက်ကျတယ်ဆိုရင် သင်ဟာ အရည်အချင်းပြည့်မမှီဘူးဆိုပြီး သတ်မှတ်လိုက်လို့ရပါတယ်။ ဂျပန်မှာ အချိန်မှီဆိုတာက သတ်မှတိချိန်းဆိုထားတာထက် ၁၀ မိနစ်ကြိုရောက်တာပါ။ ဥပမာ အင်တာဗျုးချိန်က ၁၀နာရီဆိုရင် အင်တာဗျူးဖြေမယ့်နေရာကို ၉း၅၀ ရောက်နေသင့်ပါတယ်။ ဒါပေမယ့်အခန့်မသင့် နောက်ကျတာမျိုးတွေကိုလည်းကာကွယ်သင့်ပါတယ်။ အခန့်မသင့်နောက်မကျတာမျိုးတွေဆိုတာက ရထားမတော်တမှုကြောင့် နောက်ကျတာ၊ ရထားပလက်ဖောင်း線番ကနေ ဘူတာအပြင်ရောက်ဖို့  出口ဂိတ်ကိုလမ်းလျှောက်ရတာက ဝေးနေတာ၊ အင်တာဗျူးဖြေမယ့်အလွှာကို ရောက်ဖို့ ဓာတ်လှေကားစောင့်ရတာကြတာမျိုးတွေဖြစ်ပါတယ်။

ဒါတွေကို ဘယ်လိုကာကွယ်မလဲ
ကိုယ်သွားမယ့် ရထားလမ်းကြောင်း တစ်ခုခုကြောင့်ရပ်တန့်သွားရင် ပြောင်းစီးရမယ့် လမ်းကြောင်းတွေကို ကြိုတင်မှတ်သားထားပါ။ Yahoo 乗換案内လိုမျိုး ရထားလမ်းကြောင်းရှာတဲ့ အက်ပလီကေးရှင်းတွေမှာဆိုရင် ကိုယ်သွားမယ့်အချိန်နဲ့ ရထားလမ်းကြောင်းကို မှတ်ဖို့ルートメモ ရထားနောက်ကျရင် 通知notifications အသိပေးဖို့ တွေကို ပြုလုပ်ရယူထားလို့ရပါတယ်။ ကိုယ်သွားမယ့်နေရာအဆောက်အဦးကို ဘယ်ဂိတ်ပေါက်နေ ထွက်ရင်နီးလဲဆိုတာကို အဆောက်အအုံရဲ့Homepage မှုာ ရှာလို့ရပါတယ်။ ဒါပေမယ့် ဖော်ပြထားတဲ့အချက်အလက်က出口 ဂိတ်ကနေ အဆောက်အအုံဆီကိုသွားရတဲ့အကွာအဝေးရဲ့အချိန်ဖြစ်ပြီးတော့ ရထားပလက်ဖောင်း 線番ကနေ 出口အပေါက်ဆီကို ရောက်ဖို့ လျှောက်ရတဲ့အချိန်ကို ထည့်သွင်းမရေးထားပါဘူး။ ၁၀မိနစ်နှီးပါးလောက်လျှောက်ရတာမျိုးတွေကိုကြုံဖူးပါတယ်။ အထပ်မြင့်ရင် မြင့်သလို ဓာတ်လှေကားစောင့်ရတာမျိုးတွေ ရှိနိုင်တဲ့အတွက်။ အင်တာဗျူးအချိန်မှီရောက်ဖို့ ဒီသုံးချက်ကိုလည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။

(၂)ဖုန်းပိတ်ထားပါ
Airplane mode လုပ်တာပဲ ဖြစ်ဖြစ် ဖုန်းပါဝါပိတ်လိုက်တာပဲဖြစ်ဖြစ် လုပ်ထားတာက တိတ်ဆိတ်နေတဲ့ အင်တာဗျူးခန်းထဲမှာ အမှတ်မထင်မတော်တဆအသံထွက်တာကိုကာကွယ်ပေးနိုင်မှာပါ။

(၃)သေသေချာချာဝတ်စားဆင်ရင်ပါ
ဂျပန်မှာအလုပ်အင်တာဗျူးဝင်ချိန်မှာ Suit နဲ့ Business bag အိတ်က အရမ်းကို အရေးပါပါတယ်။ ဒါကိုလည်း အမှတ်ယူတာမို့ ပိုက်ဆံသုံးသင့်တဲ့နေရာပါပဲ။ ယောက်ျားလေးတွေက လက်သည်းရှည်မျက်နှာအမွေးအမျှှင် ဆံပင်အတိုအရှည်ကို သတိထားသင့်ပြီး
Suit ဝတ်တဲ့အခါမှာ မီးခိုရောင်၊ အနက် ၊ နက်ပြာရောင်ကို ရွေးချယ်ပါ နက်ကတိုင်အရောင်ကို လည်းသတိထားပါ။ ဘောင်းဘီကို ထောင့်ချိုးအတိုင်းသေသပ်စွာ မီးပူတိုက်သင့်ထားပါတယ်။ ရှုးဖိနပ်ကို အနက်သို့ အညို ၊ ခြေအိတ်ကို ဝတ်စုံနဲ့ အရောင်တူတဲ့ခြေအိတ် ၊ရှုးဖိနပ်အရောင်နဲ့ ခါးပတ်က အရောင်တူရင် အပြည့်စုံဆုံးပါပဲ။ ရိုးရိုးရှင်းရှင်းလေးနဲ့ နာရီတစ်လုံးကို လည်း လက်မှာ ပတ်ထားတာအကောင်းဆုံးပါ။ အနံ့ပြင်းတဲ့ဘော်ဒီစပေရေး ၊ ရေမွေးစတာတွေကို ရှောင်ပါ။

အမျိုုးသမီးတွေက ဆံပင်ရှည်ရင်စီးပါ။ လက်သည်းသိပ်မရှည်ပါစေနဲ့။ လက်သည်းကို ဗြောင် သိုမဟုတ် အရောင့်ဖျော့ဖျော့ကို ရွေးချယ်သင့်ပါတယ်။ မိတ်ကပ်ကိုလည်း တောက်တောက်ပြောင်ပြောင်မလိမ်းချယ်သင့်ပါ။ အနံပြင်းတဲ့ရေမွေးကို မသုံးပါနဲ့။ ဖိနပ်တွေကို ပြောင်အောင်တိုက်ပါ။ ဘလောက်အဖြူရောင်ကတော့ အဆင်ပြေဆုံးဖြစ်ပြီးတော့ အဖြူမဟုတ်ရင်တောင် အရောင်တောက်တော်နဲ့ ဒီဇိုင်းပါတဲ့ ဘလောက်စ်တွေကိုရှောင်ပါ။ နားကပ်ဝတ်ရင်လည်းရိုးရိုးလေးသာဝတ်ပါ။ အရောင်ကတော့ အနက်၊ နက်ပြာ၊ ခဲရောင်ကအဆင်ပြေဆုံးပါ။ ဘောင်းဘီလည်း အဆင်ပြေပြီးတော့ စကပ်ဝတ်မယ်ဆိုရင် စကပ်က မတ်တပ်ရင်ရင် ဒူးတစ်ဝက်လောက်ဖုံးနေပါမယ် စတော့ကတော့ မဝတ်မဖြစ်ဝတ်ပါ။ ဖိနပ်ကလည်းရိုးရိုးရှင်းရှင်းလေးဖြစ်ပြီးတော့ ဒေါက်အမြင့်ကတော့ ၃စင်တီမီတာက ၅စီတီမီတာအတွင်းပါ
အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်း ရိုးရိုးရှင်းရှင်းဖြစ်ဖို့က အရေးကြီးပါတယ်။

အင်တာဗျူးနေရာ
(၁)လက်ခံကောင်တာ
အင်တာဗျုးနေရာကို ရောက်ရှိတဲ့အခါမှာ လက်ခံကောင်တာရှိခဲ့ရင် ယဉ်ယဉ်ကျေးကျေးနဲ့ မိမိနာမည်ပြောပြီး ရောက်ရှိကြောင်းအကြောင်းကြားပါ။ နာမည်ပြောပြပြီးနောက် ကောက်တာက လက်ခံသူတွေကို ကျေးဇူးတင်ကြောင်းပြောပါ။ ဒီအချိန်ကစပြီး အင်တာဗျုးစလုပ်နေပြီလို့ ပြောလို့ရပါပြီ။

(၂)စောင့်ဆိုင်းခန်း
အလှည့်ရောက်ဖို့ စောင့်နေရတဲ့အချိန်အခါမျိုးမှာဆိုရင် ပစ္စည်းတွေကို ခြေထောက်နားမှာချပါ။ ဖုန်းကို ကြည့်မနေပါနဲ့။

အင်တာဗျူးဖြေဆိုးခန်းဝင်ရောက်ချိန်
တံခါးကို ဖွင့်ပေးတာလည်း ရှိသလို မိမိကိုယ်တိုင်ဖွင်ဝင်ရတဲ့အချိန်မျိုးမှာတော့ အခန်းတံခါးခေါက်ပါ 失礼ပြောပါ၊ ဝင်ပါ။ အခန်းတံခါးပြန်ပိတ်ပြီးတော့ အင်တာဗျုးဖြေရမယ့်ခုံကိုရောက်ရင် နာမည်ပြောပြီး お願いいたします လို့ ကြည်လင်ပြတ်သားစွာပြောပါ။ ထိုင်ခုံနေရာပေးတာမျိုးဆိုရင် ကျေးဇူးတင်ပါ။

အင်တာဗျူးနေချိန်
နောက်ကိုမှီမထိုင်ပါနဲ့။ သိမ်မွေတဲ့အသွင်အပြင်နဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်းဖြေပါ မလိုအပ်ပဲ အများကြီးမပြောပါနဲ့။ မိမိအသံကိုလည်းကြည်လင်ပြတ်သားစွာနဲ့ တစ်ဖက်ကကြားနိုင်ပါစေ။ အသံမတိုးစေဖို့သတိထားပါ့။ မိမိဖြေဆိုမှုကို တစ်ဖက်က ပြတ်ပြတ်သားသားမကြားရတဲ့ ကိစ္စမျိုးဖြစ်ခဲ့ရင် အခက်အခဲဖြစ်နိုင်ပါတယ်။

ဖြေဆိုမှုပြီးချိန်
အင်တာဗျုးဖြေဆိုမှုအပြီး အခန်းထဲကနေ ထွက်ခွာတဲ့အခါ။ မတ်တပ်ရပ်ပြီး တစ်ဖက်ကို အချိန်ပေးမှုအတွက်ကျေးဇူးတင်ကြောင်းပြောပါ။ 失礼いたしますပြောပြီး ပြန်ထွက်ပါ။ တံခါးဖွင့်ထားဖို့ မပြောခဲ့ရင်။ တံခါးကို ညင်ညင်သာသာပြန်ပိတ်ပေးခဲ့ပါ။ သာမန်အချက်လေးတွေလို့ ထင်ရပေမယ့် ဒါတွေကလည်း ကိုယ့်အပေါ်အမှတ်ယူနိုင်တဲ့အချက်တွေဖြစ်တာကြောင့် အမှတ်တမဲ့ထားလို့ မရတဲ့အချက်တွေပါ။

အင်တာဗျူးမှာ မေးလေ့ရှိပြီး ကြိုတင်ပြင်ဆင်ထားသင့်သော မေးခွန်းများ
အချိန်ပြည့်အလုပ်နေရာအတွက် မေးခွန်း
(၁)ဘာကြောင့်ဂျပန်နိုင်ငံကို လာဖို့စဉ်းစားခဲ့ရတာလဲ
(၂)ဂျပန်မှာ ဘယ်လောက်ကြာကြာနေဖို့ အစီအစဉ်ရှိလဲ
(ဂျပန်လူမျိုးတွေက နှစ်ပေါင်းများစွာကြာအောင် ကုမ္ပဏီတစ်ခုထဲမှာပဲ အလုပ်လုပ်လေ့ရှိကြပါတယ် ဒါကြောင့်မို့ နှစ်ရှည်ကြာ လုပ်မယ့်သူမျိုးကို နေချင်ကြပါတယ်)
(၃)ဂျပန်ပတ်ဝန်းကျင်မှာ အလုပ်လုပ်နိုင်မယ်လို့ထင်လား ဘာကြောင့်လဲ
(၄)အနာဂတ်အတွက်ရည်မှန်းချက်တွေကဘာလဲ
(၅)ဘာကြောင့်ဒီ ကုမ္ပဏီကို စိတ်ဝင်စားခဲ့တာလဲ
(၆)မင်းရဲ့အားသာချက်နဲ့ အားနည်းချက်ကဘာလဲ
(ကိုယ့်အားသာချက်က ကိုယ့်အားနည်းချက်ဖြစ်နေတယ်ဆိုတဲ့ အဖြေကလည်း စိတ်ဝင်စားတဲ့ အဖြေတစ်ခုပါ)
(၇)ဝါသနာကဘာလဲ
(မထင်ရလောက်အောင် အရေးကြီးပါတယ် အလုပ်စိတ်ဖိအားတွေပိလာတာမျိုး Refresh ပြန်ုလုပ်ဖို့လိုအပ်တဲ့အချိန်မျိူးမှာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းနိုင်မှုရှိလား ကိုခန့်မှန်းဖို့အတွက့် မေးတာပါ
တစ်နည်းပြောရရင် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တတ်မှသာ အလုပ်ခွင်မှာ စိတ်ဖိအားကြောင့် အလုပ်ပျက်တာမျိုးတွေက လျော့နည်းမှာဖြစ်တာကြောင့်ပါ)

အချိန်ပိုင်းအလုပ် မေးခွန်းများ
(၁)ဂျပန်စာကို ဘယ်လောက်ကြာအောင်သင်ယူခဲ့ပြီးပြီလဲ
(၂)ဂျပန်စာကို ဘယ်လောက်ထိအသုံးချနိုင်လဲ
(၃)ဘာလို့ဒီနေရာမှာ အလုပ်လုပ်ချင်တာလဲ
(၄)ဘယ်အချိန်အလုပ်စလုပ်နိုင်လဲ
(၅)ဘယ်နှစ်နာရီအလုပ်လုပ်နိုငင်လဲ
(၆)ပိတ်ရက်နဲ့အားလပ်ရက်တွေမှာ အလုပ်လုပ်နိုင်လား
(၇)ကျောင်းရဲ့အချိန်ဇယားကရောဘယ်လိုမျိုးလဲ
(၈)ဒီအလုပ်ကိုလာဖို့ အချိန်ဘယ်လောက်ပေးရလဲ

အင်တာဗျူးဖြေဆိုချိန် တစ်ဖက်မေးခွန်းကိုနားမလည်တဲ့အချိန်မျိုးမှာဆိုရင် ပြန်မေးဖို့ မကြောက်ပါနဲ့။ စိတ်လှုပ်ရှားမှုကြောင့် ခြေထောက်နဲ့လက်ကို မလှုပ်မိစေဖို့ကြိုးစားပါ။ ကုမ္ပဏီအကြောင်းကို အနှုတ်ဖက်ဆောင်တဲ့မှတ်ချက်မျိုး မပြောမိစေဖို့သတိထားပါ။ အင်တာဗျူးအခြေအနေအရ အရင်တုန်းက အဆင်မပြေခဲ့တဲံ အလုပ်ကိစ္စရပ်တွေအကြောင်းဖြေကြားရတဲ့အခါ အနှုတ်ဖက်ဆောင်တဲ့ အပြောအဆိုမျိုးထက် အဆင်မပြေခဲ့တဲ့ အလုပ်ကိစ္စကိုဖြေရှင်းခဲ့ပုံတွေ အဆိုပါကိစ္စကနေ ဘယ်လိုတွေသင်ယူခဲ့ရလဲဆိုတာကို ပြောပါ။ တခါတလေမှာ သင်မလုပ်နိုင်တဲ့ အရာမျိုးကို လုပ်နိုင်မလားလို့ အမေးခံရရင် မလုပ်နိုင်ဘူးဆိုတဲ့ အဖြေထက် လူပ်နိုင်ပါတယ် ဒါမှမဟုတ်လုပ်နိုင်ဖို့အတွက်ကြိူစားဖို့ယုံကြည်ချက်ရှိပါတယ်လို့ ဖြေကြားပါ။ နောက်ဆုံးမေးခွန်းတွေပြီးဆုံးသွားတဲ့အခါ ကုမ္ပဏီဘက်ကိုမေးဖို့ မေးခွန်းရှိလားလို့ ပြောရင် မေးခွန်းတစ်ခုတော့ ရအောင်ထုတ်မေးတာက အကောင်းဆုံးပါပဲ။ ဂျပန်အင်တာဗျူးတွေမှာ အရည်အချင်းကိုလည်းကြည့်သလို ဒီအဖွဲအစည်းမှာ အံခွင်ညီဆအောင် လုပ်ဆောင်နိုင်ရဲ့လားဆိုတဲ့အချက်ပါ ထည့်သွင်းစဉ်းစားတတ်ပါတယ် ဒီအတွက်ကို လည်း ပြင်ဆင်ထားသင့်ပါတယ်။

ပြောပြေပေးခဲ့တဲ့အချက်အလက်လေးတွေကို အခြေပြုကောင်းမွန်အောင်ပြင်ဆင်ရင်း မိမိရဲ့ရည်မှန်းချက်တွေ အဆင်ပြေစေဖို့ဆုတောင်းပေးပါတယ်။